နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော
မတ် ၂၊ ၂၀၂၅
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝန်ကြီးဌာနနှစ်ခုမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင်ဟာ မတ်လ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီအလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။
ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်စေရန်ဆိုတဲ့ အချက်ကို အမြဲနှလုံးသွင်းထားဖို့လိုတယ်လို့လည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD လွှတ်တော်ကိုယ်စားလှယ်ကို မဲ အပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့သူပါ။
ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင် ဦးဆောင်တည်ထောင်တဲ့ PPP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ “တစ်သင်းလုံးကန်မည် PPP” ကြွေးကြော်သံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။
ဒေါ်သက်သက်ခိုင်ဟာ အာဏာသိမ်းစစ်တပ်ကို အားပေးထောက်ခံသလို စစ်အာဏာသိမ်းခါနီး ကာလတွေမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မကြာခဏ ထိုးနှက်ဝေဖန်ပြောဆိုသူအဖြစ်လည်း နာမည်ကြီးသူဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်နဲ့ နီးစပ်သူလို့ သတင်းကြီးပြီး လူကယ်ပြန်ဝန်ကြီး၊ ဟိုတယ်/ခရီးဝန်ကြီးအဖြစ်လုပ်ဆောင်ခဲ့ကာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက သူ့ကို တာဝန်က အနားပေးခဲ့တာ ဖြစ်ပါတယ်။
