တိုက်ပွဲပြင်းထန်းနေသောကျောက်ဖြူသို့
တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ
အိမ်သွင်/People’s Spring
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူလေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြော
သည်။
“အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံ
ရေးရဲတွေပါ။စီမံကိန်းတွေဆီ တန်းသွားပါတယ်”
ဟုမြို့ခံသတင်းရင်းမြစ်က People’s Spring ပြောသည်။
ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA)ကဖေဖော်ဝါရီလ၂၁ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ်
သည်ဟု ဒေသခံများကပြောသည်။
တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ နိုဝင်လာလတွင် တည်ထောင်ပြီးနောက် ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့ကိုကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်
မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့် မြန်မာပူးပေါင်း အကောင်
အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ ရခိုင်ပြည်နယ်တွင် AAက မြို့သိမ်းတိုက်ပွဲများစတဲ့တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါစီမံကိန်းနှစ်ခု၏နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီက လက်မှတ်ရေးထိုးခဲ့သည်။
ထိုအပြင် ကျောက်ဖြူမြို့နယ်တွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း၏ အချက်အချက်စက်ရုံများ၊ ပိုက်လိုင်းစီမံကိန်းများ လည်းရှိသည်။
စစ်ကောင်စီနှင့် ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်ဖော်ဆောင်နေမှုသည် မြန်မာနိုင်ငံရှိတရုတ်အစိုးရအကျိုးစီးပွားများနှင့်တရုတ်နိုင်ငံသားများကို ကာကွယ်နိုင်မည်မဟုတ်ကြောင်းအမျိုးသားညီညွတ်
ရေးအစိုးရ NUGသမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်၌ပြောကြားခဲ့သည်။
ထိုအပြင် စစ်ကောင်စီက ၂၀၂၅ ဖေဖော်ဝါရီ ၁၉ရက်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်
ရာ ဥပဒေတွင် ပြည်တွင်း၊ပြည်ပ လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ ထူထောင်ခွင့်ပြုလိုက်ပြီး အဆိုပါကုမ္ပဏီများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ခွင့်ပြုကြောင်း ပြဋ္ဌာန်းထားသည်။ ထိုကြောင့် တရုတ် ပုဂ္ဂလိကလုံခြုံရေး အဖွဲ့ဝင်များမှာလည်း တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ရှိနေပြီဖြစ်ပြီး တရုတ်အစိုးရ၏ တောင်းဆိုမှုကြောင့် စစ်ကောင်စီက ထိုဥပဒေပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ကျယ်ပြန့်စွာရှုမြင်နေကြသည်။
တရုတ်အစိုးရက တရုတ်စစ်သားဟောင်းအများစုဖြင့် ဖွဲ့စည်းထားသော ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း
(PMC)များကို တရုတ်စီမံကိန်းများရှိသော အာဖရိက အပါအဝင် ပြည်ပနိုင်ငံများသို့ စေလွတ်ထားဖူးသည်။
အာရက္ခပြည်နယ်တွင် မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် လာ ရောက်ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေး၊အသက်အန္တ
ရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်
ရှောက်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉
ရက်နေ့တွင် AAက တရားဝင်ကြေညာထားသည်။
ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး မတ်လ၁ ရက်က တိုက်ပွဲအတွင်း ရှောက်ချောင်းရွာကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။
( တရုတ်စစ်သားဟောင်းအများစုဖြစ်သောတရုတ်ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ(PMCs)ကိုပြည်ပနိုင်ငံတစ်ခုတွင်တွေ့ရစဥ် / မဒေးကျွန်းရှိ တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။
ဓါတ်ပုံ- Navoine.info / AFP / ဆင်ဟွာ)