ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး

by

in

ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး
ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေ တပ်ဌာနချုပ်၏ ကာကင်းစခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။
ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် ယမန်နေ့ မတ် ၁ ရက်နေ့က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
“ကျောက်ဖြူမြို့နယ်အစပ် ရေတပ်ရှိရာရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်ဖြူမြို့ထဲတော့ လေ‌ယာဉ်ကင်းပတ်တာတွေ ရှိတယ်။ ကျေးရွာတွေ ဘက်ကို ဗုံးကြဲတော့ မြို့ပေါ်မှာလည်း လေယာဉ်တောက်လျှောက်ပျံနေတာ မြင်နေရတယ်။ ရှောက်ချောင်းဘက်မှာ တိုက်ပွဲ
ကဖြစ်နေတုန်းပဲလို့” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရေတပ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွာပြီး ထွက်ပြေးသွားကြကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသည့်အတွက် ရေတပ်ဌာနချုပ်ဘက်သို့ တပ်ဆုတ်ထွက်ပြေးသွားပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများဖြင့်ပစ်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းအချိန်မှစတင်ကာ ယနေ့ မတ်လ ၂ ရက်နေ့အထိ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်
ဌာနချုပ်အနီး ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး ကာကင်းစခန်းငယ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို AA က ဖမ်းဆီးရရှိခဲ့ သည်။
ရေတပ်ဌာနချုပ်အနီးရှိ ရှောက်ချောင်း၊ စိုင်ခြုံ၊ ကတ်သပြေ၊ ပျားတဲ့၊ ကြပ်တ္တိန်၊ ဒေါမတောင်၊ စီမော်၊ ကူးကင်းကျေးရွာများကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ကျောက်ဖြူတိုက်ပွဲကို ကြည်း၊ရေ၊လေဖြင့် ခုခံနေပြီး ရေတပ်ဌာနချုပ်အနီး ပင်လယ်ပြင်တွင် တိုက်ရေယာဉ် ဒါဇင်ကျော်
ဖြင့် စစ်ရေးပြင်ဆင်ထားပြီး လက်နက်ကြီးများသုံးကာ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။
#ရခိုင် #ကျောက်ဖြူ #ဓညဝတီ #ရေတပ်ဌာနချုပ် #ကာကင်းစခန်း #နှစ်ခု #စစ်ကောင်စီတပ်သား #စခန်းစွန့်ခွာ #ထွက်ပြေး #Ayeyarwaddy_Times