ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်

by

in

ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်
မတ် ၂၊ ၂၀၂၅
တရုတ်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပတဲ့ မြန်မာ-တရုတ် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်ရဲ့(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဦးစိုးသိန်းက တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာ ဆိုးရွားစွာလျှပ်စစ်ပြတ်တောက်နေမှုကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကုန်တိုင်းအစိုးရ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်တာပါ။
“အစိုးရအနေနဲ့လည်း နိုင်ငံအတွင်းမှာလျှပ်စစ်မီးရရှိရေးအတွက် အားပေးဆောင်ရွက်နေတာဖြစ်တာကြောင့်လျှပ်စစ်မီးရရှိရေးအတွက်ရင်းနှီးမြုပ်နှံမှုတွေကိုကြိုဆိုပြီး လက်တွေ့ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့တရုတ်ကုန်သည်တွေကို တိုက်တွန်းပြောကြားလိုပါတယ် “လို့ ဦးစိုးသိန်းကဆိုပါတယ်။
ရန်ကုန်ကို လျှပ်စစ်မီးဖြန့်ဝေနေတဲ့ ပြည်ပဓာတ်အားပေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မှာ လျှပ်စ်မီးဖြန့်ဝေဖို့ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြည့်၀စွာ မပေးနိုင်တော့တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ လျှပ်စစ်မီးရရှိရေးအတွက် တရုတ်နဲ့ ရုရှားက လုပ်ငန်းရှင်တွေလာရောက်လုပ်ကိုင်ဖို့ မကြာခဏ ဖိတ်ခေါ်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။