ကျားဖြန့်နှင့်ပတ်သက်၍ တရုတ်၏ သတင်းပေးတိုင်ကြားမှုကြောင့် တန့်ယန်းရှိ ရမခတိုင်းမှူးအပါအဝင် တိုင်းဦးစီးချုပ်များ၊ စစ်ထောက်ဗိုလ်မှူးကြီးများ၊ စစ်ဗျူဟာမှူးများ အဖွဲ့လိုက် ဖမ်းဆီးခံရ

by

in

ကျားဖြန့်နှင့်ပတ်သက်၍ တရုတ်၏ သတင်းပေးတိုင်ကြားမှုကြောင့် တန့်ယန်းရှိ ရမခတိုင်းမှူးအပါအဝင် တိုင်းဦးစီးချုပ်များ၊ စစ်ထောက်ဗိုလ်မှူးကြီးများ၊ စစ်ဗျူဟာမှူးများ အဖွဲ့လိုက် ဖမ်းဆီးခံရ
ဧရာဝတီတိုင်းမ်
‌မတ် ၂ ရက်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ၏ ယာယီတိုင်းမှူး ဗိုလ်ချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် စစ်အရာရှိ ကြီးများအဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ရမခတိုင်းမှူးဗိုလ်ချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် စစ်ဗိုလ်ချုပ် ငါးဦးကို ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ လာဘ်စားမှုများရှိသည်ဟုဆိုကာ ဖမ်းဆီးလိုက် ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
“တိုင်းမှူးနဲ့အဖွဲ့ကို ‌ကျားဖြန့်နဲ့ ပတ်သက်ပြီးဖမ်းသွားတာ ဟုတ်တယ်။ သူတို့ကိုယ်တိုင် ဖွင့်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေရှိသလို လာဘ်ငွေယူပြီးပါမစ်ပေးထားတဲ့ ကျားဖြန့်ရုံတွေလည်းရှိတယ်။ မိုင်းရယ်နဲ့ တန့်ယန်းမှာ လပိုင်းအတွင်းကို ကျားဖြန့်ရုံတွေ တိုးလာတယ်။ အခုက တရုတ်ဘက်က သတင်းပေးလို့ တိုင်းမှူးအဆင့်တွေပါ ဆွဲစိခံရတယ်လို့ သိထားရတယ်”ဟု နေပြည်တော်တပ် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယာယီတိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း(ရမခ-တန့်ယန်း)၊ ဗိုလ်မှူးကြီးထွန်းနိုင်စိုး (ရမခ တိုင်းဦးစီးချုပ်)၊ ဗိုလ်မှူးကြီးနေဝင်းထွန်း (စစ်ထောက် ဗမက)၊ ဒုဗိုလ်မှူးကြီးမြတ်မော်အောင် (စဗခ မိုင်းရယ်)၊ ဗိုလ်မှူးကြီးထွန်းတင်(စဗခ တန့်ယန်း)တို့ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်အရာရှိများကို တရုတ်အစိုးရ၏ သတင်းအတိအကျပေး တိုင်ကြားမှုကြောင့် ကျားဖြန့် လုပ်ငန်း များတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ရှိ ရမခတိုင်းဌာနချုပ် ကျသွားပြီးနောက် တန့်ယန်းမြို့တွင် ရမခစစ်ရုံးဖွင့်လှစ်ကာ တိုင်းမှူးဖြစ် သူ ဗိုလ်ချုပ်ကျော်မြင့်ထွန်းကို တာဝန်ပေးအပ်ခဲ့ပြီး တာဝန်ထမ်းဆောင်ချိန်မှာ ခုနစ်လခန့်သာ ရှိသေးကြောင်း သိရသည်။
ဗိုလ်ချုပ်ကျော်မြင့်ထွန်း တာဝန်ယူနေစဉ် ခုနစ် လအတွင်း မိုင်းရယ်နှင့် တန့်ယန်းတွင် ကျားဖြန့်လုပ်ငန်း များ ပိုမိုများပြားလာပြီး တိုင်းမှူးနှင့်စစ်ဗိုလ်ချုပ်များ၏ ခွင့်ပြုမိန့်ဖြင့်လုပ်ဆောင်နေသည့် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် တရုတ်အစိုးရ၏ သတင်းပေးမှုကြောင့် ဖေဖော်ဝါရီ ပထမပတ်အတွင်းတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသားအပါအဝင် ဗီယက်နမ်နိုင်ငံသား၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀ နီးပါးကို ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ ဖမ်းဆီး ရမိခဲ့သည်။
စစ်ကောင်စီက ကျားဖြန့်နှင့်ပတ်သက်သည့် စစ်ဗိုလ်ချုပ်များဖြစ်သော ဗိုလ်မှူးချုပ်ဇော်မင်း၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ကိုလည်း တရုတ်အစိုး ရ၏ တောင်းဆိုမှုဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-WSTV
ပုံစာ – တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများ(ပုံဟောင်း)
#ရမခတိုင်းမှူး #စစ်ဗိုလ်ချုပ်များ #ကျားဖြန့် #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times