ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက်

by

in

ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက်
ရန်ကုန်၊ မတ် ၂
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုစာရင်းသွင်းရန် လက်မှတ်ရေးထိုးခိုင်းပြီး စစ်မှုထမ်းရမည့်အချိန်တွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းများ ဖြစ်ပေါ်ပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင် ၁ နှစ်ချမှတ်မည်ဟု ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုသို့ ခြိမ်းခြောက်သူ ဗိုလ်မှူးဇော်နိုင်မှာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဖြစ်ပြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ တာဝန်ခံတစ်ဦးလည်းဖြစ်သည်။
ပုသိမ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ စစ်မှုထမ်းမည့် အသက် အရွယ်ပြည့်ပြီးသော လူငယ်များကို မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရုံးများသို့ ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် သဘောတူပါသည်ဆိုသော လက်မှတ်များ ထိုးခိုင်းနေကြောင်း ၊ စစ်မှုထမ်းစာရင်းသွင်း မှတ်ပုံတင်ထားသည့် လူငယ်များ ပြည်ပရောက်နေပါကလည်း မိဘဆွေမျိုးများက ပြန်လည်ခေါ်ယူထားရန်၊ စစ်မှုထမ်းချိန် လူငယ်များ မရှိပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ဖမ်းဆီးအရေးယူ၍ ထောင် ၃ နှစ်ချမှတ်သွားမည်ဟု ၎င်းက ဆိုသည်။
“စစ်မှုထမ်း အသက်အရွယ်ရောက်သူတွေကို စာရင်းသွင်းဖို့ဆိုပြီး မြို့နယ် ထွေ/အုပ် ရုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းနေတာ အဲလိုလက်မှတ်ထိုးတဲ့ လူငယ်တွေကို ဗိုလ်မှူး ဇော်နိုင်က ခြိမ်းခြောက်ပြောဆိုတာ ထိုင်း‌တို့ အခြားနေရာတို့မှာ အလုပ်သွားလုပ်နေရင် ပြန်ခေါ်ထားဖို့နဲ့ စစ်မှုထမ်း မဲပေါက်လို့ လူမရှိရင် မိသားစုဝင်တစ်ဦး ကိုယ်စားလိုက်ရမယ်။ လူစားလိုက်မယ့်သူ မရှိရင် မိဘကို ဖမ်းဆီးအရေးယူပြီး ထောင် ချမယ်။ မိဘကို ထိရင် သားသမီးက ပြန်လာမှာပဲ။ အဲ့ဒီတော့မှ စစ်မှုထမ်းဖို့ ပြန်လာရင်လည်း ပြန်လာမယ့်လူငယ်ကို ထောင် ၂ နှစ်ချမယ်။ ပြီးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ တွင် မည်သူမဆို ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်၊ စမ်းကျေးရွာမှ လူငယ် ၃ ဦးနှင့် စိမ့်ထဲကျေးရွာမှ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဝင်ရောက်၍ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လေးမျက်နှာမြို့နယ် စမ်းကျေးရွာမှ နေတဲ့ လူငယ် ၃ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက စစ်ခွေးတွေ နေအိမ်ပေါ်ထိတက်ပြီး စစ်မှုထမ်းဖို့ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ စိမ့်ထဲကျေးရွာက လူငယ် ၃ ဦးကိုလည်း နေအိမ်ပေါ်ထိ တက်ပြီး စစ်မှုထမ်းဖို့ ဆိုပြီး အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခု မိသားစုတွေ စိုးရိမ်သောကရောက်နေကြရပြီ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ဗိုလ်မှူးဇော်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း။