စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည်

by

in

စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ရန် မလိုအပ်တော့သည့် ဒီဂျစ်တယ်ငွေပေးချေမှု မြန် မာ ကြူအာ (MMQR)စနစ်ကို စတင်အသုံးပြုပြီး ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များ၏ အသုံးစရိတ်အထိ ယင်းစနစ်ကို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ချက်ချင်းအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် မြန် မာ ကြူအာ (MMQR)စနစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ငွေကြေးဖောင်းပွမှုနှင့် ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ခြင်းမှ ရှောင်ရှားနိုင်ရန် ပြည်သူများ ဒီဂျစ်တယ်ငွေ ကြေးနှင့်ဒီဂျစ်တယ်ငွေပေးချမှုများ အသုံးပြုရန် ဗဟိုဘဏ်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
မြန်မာကြူအာစနစ်တွင် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးငွေယူများအတွက် အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် ၊ QR အသုံးပြုငွေပေးချေမှုများအတွက် Digital Payment Switch ဖြင့် အသုံးပြုမည်ဖြစ်သည်။
စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များအနေဖြင့်
၁ – လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ။
၂ – လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ်ဆောင်ရွက်မှု ပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀။
၃ – မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်။
၄ – ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေးချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်။
၅ – ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ။
၆ – ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်။
၇ – စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်။
၈ – Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ကို သတ်မှတ်ထာ်ကြောင်း သိရှိရသည်။
စစ်ကောင်စီဗဟိုဘဏ်၏ သတ်မှတ်ချက်များကို မလိုက်နာပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိ အသုံးပြုနေသော ငွေရေးကြေးရေးကဏ္ဍကို ဒီဂျစ်တယ်ငွေကြေး အဖြစ် ပြောင်းလဲ အသုံးပြုရန် စီစဉ်ခြင်းမှာ ကျပ်ငွေဘီလီယံရိုက်နှိပ်နေရခြင်းမှ ရှောင်ရှားရန် အဓိက ဖြစ်ပြီး ဒီဂျစ်တယ်ငွေရေးကြေးရေးအတွက် အာမခံချက် မရှိကြောင်း၊ နိုင်ငံတကာကဲ့သို့ ဒီဂျစ်တယ် ငွေရေးကြေးရေးနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ချိတ်ဆက်ထားခြင်းမရှိဘဲ လက်ပူတိုက်၍ ကျပ်ငွေ ဘီလီယံချီ ရိုက်ထုတ်ရခြင်း ရှောင်ရှားရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေး၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။
မြန်မာကြူအာ (MMQR)ကို အစိုးရထံသို့ အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြု မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။