သာပေါင်းမြို့နယ် ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကူများပို့၍ ခုခံနေရ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီနှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ကူယာဉ်တန်းများပါပို့၍ ခုခံနေရကြောင်း သိရသည်။
သာပေါင်းမြို့နယ် သဲဖြူအရှေ့ရွာနှင့် ၂ဖာလုံခန့်အကွာ ကင်ပွန်းချဉ်တောင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက သာပေါင်းမြို့ဘက်မှနေ၍ ဖောကား များဖြင့် အင်အားဖြည့်နေကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ကင်ပွန်းချဉ်တောင်တိုက်ပွဲအတွင်းသို့ စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေတာမှန်ပါတယ်။ စစ်တပ်ဘက်က စစ်ကူပို့ပြီး စက်တပ်လေထီး တွင်တွင် ကျယ်ကျယ် သုံးနေပါတယ်။ သာပေါင်းဘက်က စစ်ယာဉ်တန်းတွေပို့နေပါတယ်” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ကျားခေါင်းရွာရှိ တပ်စခန်းကျပြီးနောက် သဲဖြူ၊ ကြက်သွန်ကွင်းနှင့် ခွေးကုတ်အုပ်စု တို့တွင် ခံစစ်ပြင်ပြီး အင်အားဖြည့်တင်းထားကြောင်း သိရသည်။
အနန်းကုန်းကျေးရွာဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားပြီး အနီးအနားကျေးရွာများကို လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်လျက် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ စစ်ရေးပြင်ဆင်ထားပြီး လူငယ်များကိုလည်း စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးမှုများရှိနေကာ ရက်တိုစစ်သင်တန်းပေး၍ ရှေ့တန်းသို့ စေလွှတ်လျက်ရှိသည်။
အာရက္ခတပ်တော် (AA) သည် သာပေါင်းမြို့နယ်အတွင်းနှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုး၌ပါ တိုက်ပွဲများဖော်ဆောင်နေပြီး လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ၌လည်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-AA Info Desk