ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ထားမှုအပေါ် တရားမျှတမှု ရှာဖွေရေး ကော်မတီ NLDက ဖွဲ့စည်းမည်
🟥 ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်နှင့်မင်းအောင်လှိုင်က အဓိက တရားခံဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ပြောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ် ထားမှုအပေါ် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ (Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw) ကို NLD ပါတီက ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီ၏ ပြော ရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပါတီကနေ တရားမျှတမှုရရှိရေးအတွက် ကော်မတီဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ ဥပဒေပညာရှင်တွေ ၊ တကယ့်ကို အမှုနဲ့ပတ် သက်ပြီး ထဲထဲဝင်ဝင် နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ CWC မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ အကြံဉာဏ်ပေးနိုင်တဲ့သူတွေ ထည့်ဖွဲ့သွားမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမိန့်ပေးပိုင်ခွင့်က တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်မှာပဲရှိတယ်။ အရပ်သားအစိုးရမှာ တာဝန်မရှိဘူး။ ပြည်ထဲရေး၊ ကာ ကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို အရပ်သားအစိုးရက ခန့်ပိုင်ခွင့်မရှိဘူး။ စစ်ဆင်ရေးမှာလည်း အရပ်သားအစိုးရက စီမံခန့်ခွဲပိုင်ခွင့်မရှိဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ပြောဆိုသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်၏ ဖမ်းဆီးမှုကို ခံနေရပြီး ၎င်းကိုယ် တိုင် ဖမ်း၀ရမ်းနှင့်တရားရုံးသို့ ပြန်လည် တုံ့ပြန်နိုင်စွမ်း မရှိကြောင်း၊ ဖမ်းဆီးခံနေရသော လူထုခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်မှုမှာ မဖြစ်သင့်သော ကိစ္စဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ခဲ့ရတဲ့ အခြေအနေ၊ အခုအချိန်မှာလည်း စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရတဲ့အချိန်မှာ ဖမ်း၀ရမ်းထုတ်ပြီး တရား စွဲဆိုတာကတော့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့အချိန် နွေဦးတော်လှန်ရေးကာလမှာတော့ မဖြစ်သင့်ဘူး။ လူမျိုးတုန်းသတ်ဖြတ်မှုကို အဓိက ကျူးလွန်သူက စစ်တပ်နဲ့ မင်းအောင်လှိုင်ပဲ” ဟု ၎င်းက ဆိုသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံကိုတရားစွဲဆိုခဲ့သည့် လူမျိုး ပြုန်းတီးစေမှုဆိုင်ရာကွန်ဗန်းရှင်းကိုအခြေခံသည့်အမှုနှင့်စပ်လျဥ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာရသောရွေးကောက်ခံအစိုးရဖြစ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) အရ မြန်မာစစ်တပ်သည် အရပ်သားအစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိမနေဘဲ တပ်မတော်၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဌာနများသည် ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်တွင်ရှိနေခြင်းတို့ကို ဖော်ပြခဲ့ကြောင်း NLD ပါတီက ဆိုသည်။
ထို့အပြင်စစ်တပ်ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်၍ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းပြီး အာဏာရယူထားသည်ကို ထောက်ရှုခြင်းအားဖြင့် စစ်တပ်သည် အရပ်သားအစိုးရ အောက်တွင် မရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ထိုသို့ရှင်းလင်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော် တို့ကို စစ်တပ်၏ စနစ်တတကျ ကျူးလွန်မှုများတွင် တာဝန်ရှိသူများဟု ယခု သတ်မှတ်စွဲဆိုခြင်းသည် အဓိကတာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်များ၏တာဝန်ခံမှုအား မှေးမှိန်သွားစေပါသဖြင့် တရားမျှတမှု ဖော်ထုတ်ရေးအတွက် မေးခွန်းထုတ်ဖွယ်ရာဖြစ်နေကြောင်း NLD ပါတီက ယနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာများအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ပတ်သက်မှု သက်သေအခိုင်အလုံမရှိသည့်အတွက် ဖမ်းဝရမ်းထုတ်မည့်စာရင်းတွင် ထည့်သွင်းခြင်း မပြုရန် ၂၀၂၃ ဒီဇင်ဘာလတွင်တိုင်ကြားသူ BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးတွင် လျှောက်ထားခဲ့ သည်ကိုကြားသိရသည့်အတွက်အသိအမှတ်ပြုကြောင်း၊ အာဂျင်တီးနားတရားရုံးအနေဖြင့် BROUK အဖွဲ့၏ ထိုလျှောက်ထားချက်ကိုလျစ်လျူရှုခဲ့ပြီး မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရ စစ်တပ်၏ ရပ်တည်မှုပုံသဏ္ဍာန်ကို လေ့လာထည့်သွင်းစဥ်းစားမှု လုပ်ဆောင်ရန် ပျက်ကွက်လျက် ဖမ်းဝရမ်းထုတ်ခြင်းသည် ထိခိုက်နစ်နာသူများ အတွက်တရားမျှတမှု ရှာဖွေပေးရမည့် တရားရုံး၏ဆင်ခြင်တုံတရားနှင့်အဂတိအစွဲကင်းမှုအပေါ် ထိခိုက် အားနည်းစေနိုင်ကြောင်း NLD ပါတီက ထောက်ပြသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သော၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ အကျဥ်းကျခံတိုက်ပွဲဝင်ခဲ့ပြီး ယခုလည်းအချုပ်နှောင်ခံထားရကာ မြန်မာပြည်သူတို့၏သင်္ကတ ဖြစ်သော၊ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်လည်းဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် စစ်အာဏာရှင်ကို တွန်းလှန်နေကြသော မြန်မာပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်း အား အာဂျင်တီးနားတရားရုံး အနေဖြင့် ပြန်လည်သုံးသပ်ပါရန် NLD ပါတီက တိုက်တွန်းမေတ္တာရပ်ခံထားသည်။
