ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဝရမ်းထုတ်မှု ပြန်သုံးသပ်ဖို့ NLD တိုက်တွန်း
~~~
■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်မှုအပေါ် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အရပ်သားအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာခဲ့ရပြီး စစ်တပ်ဟာ အရပ်သားအစိုးရ လက်အောက်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချထားတာကိုကြည့်ရင် အရပ်သားအစိုးရအောက်မှာ ရှိမနေတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ NLD က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို စစ်တပ်ရဲ့ စနစ်တကျကျူးလွန်မှုတွေအပေါ် တာဝန်ရှိသူတွေဆိုပြီး တရားစွဲဆိုတာဟာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှုကို မှေးမှိန်သွားစေတယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ပါဝင်နေတာက အဓိပ္ပာယ်မရှိတဲ့ လွဲမှားချက်တစ်ခုသာဖြစ်တယ်လို့ RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သူတို့နှစ်ဦးကို စစ်ခေါင်းဆောင်တွေနည်းတူ လူမျိုးတုံးသတ်ဖြတ်မှု တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာဟာ မှားယွင်းတဲ့ စွပ်စွဲဆောင်ရွက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် BROUK အဖွဲ့က ၂၀၁၉ ခုနှစ်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီတရားရုံးကို တိုင်ကြားခဲ့တာပါ။
ဒီတိုင်ကြားခဲ့တဲ့အပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်အပါအဝင် စစ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ခဲ့ပါတယ်။
_________
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးသည့်အခမ်းအနားတွင် တွေ့ရစဉ်။ (Photo: AUNG HTET / AFP)
