ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်အကြား၊ တောင်ဆင်းဝဂွေအနီး စစ်တပ်၏ ရိက္ခာနှင့်ခဲယမ်းပို့ဆောင်နေသော ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်သား ၉ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အဆိုပါ စစ်ကား ၂ စီးမှာ ပေါက်ခေါင်းမြို့ရှိ စစ်တပ်ဂိတ်စခန်းများသို့ စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကားများဖြစ်ကြောင်း သိရှိရသည်။
စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်ကားပေါ်တွင် တင်ဆောင်လာသောဆီပေပါများ ပေါက်ကွဲ မီးလောင်ခဲ့ကြောင်း၊ ထို့ပြင် တင်ဆောင်လာသော လက်ပစ်ဗုံး၊ကျည်နှင့်အခြား ၄၀ မမဗုံးများမှာလည်း ပေါက်ကွဲမှုကြောင့် အနားကိုကပ်မရဖြစ်ခဲ့ကြောင်း၊ လက်နက်များမှာ မီးလောင်နေသဖြင့် သိမ်းဆည်းမရခဲ့ဘဲ မီးမလောင်သည့် လက်ပစ်ဗုံးနှင့်ကျည်တချို့သာ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
PDF တပ်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသို့ ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်း၊ ဆိုင်ကယ်၊ကား ငှားရမ်းခြင်း၊ ကုန်ပစ္စည်များကိုတင်ဆောင်ပေးခြင်းမပြုလုပ်ကြရန် ၊ ထိုသို့လုပ်ဆောင်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း သတိပေးကြေညာထားသည်။