အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ

by

in

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ငဖဲမြို့နယ်အပိုင်၊ နတ်ရေကန်ဗျူဟာကုန်းစခန်း အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
နတ်ရေကန် ခံစစ်စခန်း အနီးဝန်းကျင်မှာ ထိတွေ့မှု အနည်းငယ်ရှိတာကလွဲရင် တိုက်စစ်ကြီးကြီးမားမား မရှိသေးပေမယ့် မကွေးလေတပ်ကတော့ ရဟတ်ယာဉ် တစ်လှည့် လေယာဉ်ပျံ တစ်လှည့်နဲ့ ကင်းထောက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။
“နတ်ရေကန်စခန်းက အမ်းမကျခင်ကတုန်းကတော့ ရေတာစခန်းပေါ့နော်၊ အမ်းကျပြီးနောက်ပိုင်းမှ အမြောက်တပ်က အဖွဲ့တွေရော၊ တပ်မ ၉၉ က အဖွဲ့တွေရောနဲ့ လက်နက်ကြီးစခန်းအဖြစ် လုပ်ထားတာပါ၊ ပြီးတော့ မြေတူးစက်တွေနဲ့ သေချာမွမ်းမံထားတဲ့ အင်အားရာချီရှိနိုင်တဲ့ စံပြခံစစ်လို့ ဆိုရမယ့် ဗျူဟာကုန်းစခန်းပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ မြေပြင်အနေအထားအရ ခံစစ်ဆင်သူဘက်က အရေးသာနေတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ရခိုင်ပြည်နယ်-ပဲခူးတိုင်းအစပ်က စစ်ကောင်စီစခန်းတွေကိုလည်း AA ကနေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ပုဂံကွဲစခန်းတစ်ခုကို AA က သိမ်းပိုက်ရရှိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ပုဂံကွဲစခန်းကို ရတယ် ပြီးရင် ညောင်ကျိုး…. အဲဒီနောက်မှာက ဥသျှစ်ပင်နဲ့ သိပ်မကွာတော့ပါဘူး၊ ညောင်ကျိုးမှာ ခံစစ်ပြင်ထားတာ အင်အားများတယ်ဆိုပေမယ့် ကပစ စစ်သားတွေဆိုတော့ အားရဖွယ်ခံစစ်တော့ မရှိပါဘူး” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ အသက်သွေးကြောတခုလို့ ပြောစမှတ်ပြုကြတဲ့ ကပစ ၅ (ယမ်းချက်စက်ရုံ)၊ ကပစ ၆ (သံချက်စက်ရုံ) တို့ဟာ ဥသျှစ်ပင်မြို့မှာတည်ရှိနေတာ ဖြစ်ပါတယ်။