မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သားငါးဦး လက်နက်နှင့် အလင်းဝင်လာ
ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သား ငါးဦး လက်နက်များနှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တပ်ရင်းမှူးသိန်းထွန်းက လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက်က အလင်းဝင်လာသည့် တပ်သားငါးဦးသည် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းခံထားရသူများဟု ဆိုသည်။
“ဒီဖေဖော်ဝါရီလတစ်လတည်းကို KNDF တပ်ရင်း(၃)ဆီကို ဘက်ပြောင်းလာတာ ၁၄ ယောက်ထိရှိခဲ့ပြီ။အပတ်စဥ်(၄)အပတ်စဥ်(၅) အပတ်စဥ်(၆)တွေ ဖြစ်ကြတယ်။ရွေးချယ်မှုမှန်ကန်လို့ ဂုဏ်ယူပါတယ် “ဟု မိုးဗြဲ ဇုန်တပ်ရင်းမှူးက ပြောသည်။
စစ်ကောင်စီတပ်ထံမှ ထွက်လာချင်သူများအား အသက်နှင့်ရင်း၍ စွန့်စားခေါ်ထုတ်မည်ဖြစ်ပြီး တော်လှန်ရေး အင်အားစုဘက်သို့ ပူးပေါင်းလာမှု များကို ကြိုဆိုနေ ကြောင်းလည်း ၎င်းက အသိပေးသည်။
ထို့အပြင် ကရင်နီပြည်နယ်၏ နယ်မြေအနှံ့တွင် ယခုနှစ်ဆန်းပိုင်းကစ၍ အလင်းဝင်ခိုလှုံလာသည့် စစ်ကောင်စီ၏ တပ်သားသစ်ရာနှင့်ချီရှိပြီဖြစ်ကြောင်းလည်း KNDF၏ ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။
ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားသည့် မိုးဗြဲ မြို့ကို ပြန်ရရှိရန် စစ်ကောင်စီ၏ လက်ရှိထိုးစစ် တွင် အဓမ္မစုဆောင်းခံထားရသူ တပ်သားသစ် များစွာအသုံး ပြုထားကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
“မိုးဗြဲ နဲ့ ဖယ်ခုံဘက်ကို စကစဘက်က သူတို့ရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့သူ အယောက်၁,၀၀၀လောက်ကို သုံးထားတယ်။နောက်ပြီး နှစ်လလောက်ပဲ သင်တန်းဆင်းရတဲ့ သူတွေကို တိုက်ပွဲထဲ တမ်းထည့်တာကိုကြည့်ရင် အသေခံခိုင်းနေတယ်ဆိုတာပဲ။ဦးနှောက်ရှိပြီး မသေချင်တဲ့ သူတွေကတော့ စောစောစီးစီးရတဲ့အခြေအနေနဲ့ ထွက်ကြ။ဘက်ပြောင်းကြဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီထံမှ အလင်းဝင်လာသူများ၏ လုံခြုံရေးအာမခံပြီး အထူးသဖြင့် မြေပြင် တိုက်ခိုက်ရေး သို့မဟုတ် ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်ခြင်းမပြုဟုလည်း KNDFက ကတိပြုသည်။
(ယမန်နေ့က မိုးဗြဲမြို့ရှေ့တန်းတစ်နေရာမှ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ်ငါးဦးကို ၎င်းတို့ယူဆောင်လာသည့် လက်နက်များနှင့်အတူ တွေရစဥ်။ ဓာတ်ပုံ – Ko Gyi Thein Tun)