ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး ▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို

by

in

ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး
▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို
ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက်အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြိုးပမ်းတိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ရက် ညပိုင်းတွင် ဖော်ပြသည်။
ဗန်းမော်နှင့် အင်းတော်မြို့၌ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အခြေအနေကို အသိပေးစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။
KIAပူးပေါင်းတပ်များသည် ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်စခန်းအား ဖေဖော်ဝါရီ ၂ရက်မှ ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ရက်ထိ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့ ဖမ်းမိထားပြီး အမြောက်တပ်၊ ကန်တော်စာသင်ကျောင်း၊ ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားကာ စစ်ကောင်စီကလည်း လေကြောင်း၊လက်နက်ကြီးခုခံတိုက်ခိုက်မှုများရှိဟု အသိပေးသည်။
ကချင်သတင်းရင်းမြစ်၏ အဆိုအရ ဗန်းမော်မြို့ရှိ တင့်ကားတပ်ရင်း(၅၀၁၄)အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကိုထပ်မံ သိမ်းရထားကြောင်း ပြောဆိုသော်လည်း KIAက သတင်းဖော်ပြ အသိပေးခြင်းမရှိသေးပေ။
ထို့ပြင် စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့၌လည်း ဇန်နဝါရီ ၂၇ရက်မှစ၍ KIA/PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီဘက်က အင်းတော်မြို့နယ်အချို့၌ လေယာဉ်၊ ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်လျက်ရှိဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
အင်းတော်မြို့ရှိ နယ်မြေအများစုကို KIA/PDF ပူးပေါင်းတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားနေကြောင်း အသိပေးသည်။
ထို့အပြင် ကချင်ပြည်နယ် နမ္မတီး၊ မိုးကောင်း၊မိုးညှင်းအပါအဝင် ပြည်နယ်အတွင်း ၌ SNA ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားသွားလာနေပြီး အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဟုဆိုကာ နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိဟု ဒေသခံများ ကိုးကားဖော်ပြသည်။
စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်ထားသည့် အခြေအနေတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များက စိတ်ထင်တိုင်းလုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြစ်ကြီးနား လမုန်ဇွပ်ဘက်၌ စစ်ကောင်စီက အင်အားတိုးချဲ့မှုများ လုပ်ဆောင်ကာ ပြည်သူနေအိမ်များ၌ နေထိုင်ခြင်း၊ ပေါ်တာဆွဲခြင်းလုပ်ဆောင်နေသည်ဟု ဆိုသည်။
ပူတာအိုမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှား စစ်အင်အားတိုးချဲ့မှုကြောင့် ဒေသခံများစိုးရိမ်နေကြရသည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)