ငါးသိုင်းချောင်း အမြောက်တပ်၏ ကာကင်းစခန်းများ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီမိသားစုဝင်များအလျင်အမြန် ပြောင်းရွှေ့

by

in

ငါးသိုင်းချောင်း အမြောက်တပ်၏ ကာကင်းစခန်းများ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီမိသားစုဝင်များအလျင်အမြန် ပြောင်းရွှေ့
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက် တပ် ကို အာရက္ခတပ်တော် (AA) က ဦးတည်ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကာ အမတ ၃၄၄မှ တပ်မိသားစုဝင်များ ပြောင်း ပြေးနေရပြီဖြစ်ကြောင်း သိရသည်။
အမြောက်တပ် ၃၄၄ ၏ ကာကင်းစခန်းများကို ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် AAက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
“အမတ ၃၄၄ကိုဦးတည် ထိုးစစ်စနေပြီ။ ကာကင်းတွေဝင်ဆောင့်ခံနေရတယ်။ မှီခိုမိသားစုတွေစပြောင်းနေရပြီ။ သေဆုံးမှုတွေများတယ်။ ဆက်ပြီး မခုခံနိုင်လောက်တော့ဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အမြောက်တပ် ၃၄၄ နှင့် ၅မိုင်ခန့်သာကွာဝေးသည့် စာဥစမ်းကို AA က ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီက ကျုံပျော် ခလရ ၃၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ပွဲဖြစ်ပွားရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများသည့်အတွက် ခလရ ၃၆ နှင့် ခလရ ၃၈တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျားထွက်ပြေးကြကြောင်း သိရသည်။
AA၏ ထိုးစစ်မှာ စာဥစမ်း ကာကင်းမှတစ်ဆင့် အမြောက် တပ် ၃၄၄ ကိုဦးတည်နေကာ အမတ ၃၄၄ တွင် ပို့ထားသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုသိမ်ဘက်သို့ သယ်ယူနေကြောင်း သိရသည်။
“အဓိက ခံစစ်စခန်းကို စတိုက်တာ။ လက်နက်၊ ခဲယမ်း၊ ရိက္ခာသိုလှောင်တဲ့ နေရာကျသွားလို့ကတော့ အမြောက် တပ်ရောက်ပြီ။ လေထီး စက်တပ်တွေနဲ့ ဗုံးတောက်လျှောက်ကြဲပေးတာတစ်ခုပဲ အားသာချက်ရှိတယ်။ မြေပြင်ခံစစ်မကောင်းဘူး” ဟု သတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် အမတ ၃၄၄ ကို AA ကဦးတည်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း အ မြောက်တပ်အတွင်း အင်အားဖြည့်တင်းကာ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။