ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်၏ ဆားဂွန်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အကြမ်းဖက် စစ်တပ်၏ ဆားဂွန်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း PhyuTownship People’s Defense Organization (ဖြူးမြို့နယ် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖြူးမြို့နယ် ဖြူးမြို့နှင့် ဇေယျဝတီမြို့ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အကြမ်းဖက် စစ်တပ်၏ ဆားဂွန်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဖြူးမြို့နယ် ပကဖ ဘက်မှလည်း ဒုစိတ်မှူး ရဲဘော်နေမင်းသည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲ အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်နေချိန် ပြည်သူတွေ ရောက်တဲ့နေရာက နေရပ်ပြီး ဝပ်နေပေးဖို့ပါပဲ။ သူတို့ကို ငဲ့လိုက်တော့ မဖြစ်သင့်တာတွေဖြစ်ကြရတယ်” ဟု PhyuTownship People’s Defense Organization (ဖြူးမြို့နယ် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဖြူးမြို့နယ် ပကဖ နှင့် ၆၀၀၂ ဧရာဝတီတပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ဂိတ်စခန်းကို ဖြူးမြို့နယ် ပကဖ ဒရုန်းအဖွဲ့ကလည်း ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီးချ တိုက်ခိုက်ရာ ရဲတပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာ ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။