ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်၊ CRPH ကို တရားဝင် မိတ်ဖက် နှင့် ဆွေးနွေးဖက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် သွား ရောက်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က “စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုများ ရပ်တန့်သွားခဲ့ရမှုများ၊ လွှတ် တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ယင်းအခြေအနေများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းနေမှုများ၊ အမျိုးသားညီ ညွတ်ရေး အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးစေလိုမှုများ” ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ကနေဒါနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံတကာပါလီမန်များအဖွဲ့က ၂၀၂၁ ခုနှစ်၊ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ မြန်မာလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တာဝန်များကို ထမ်းဆောင် နေခြင်းကြောင့် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရှိရသည်။
ယင်းအသိအမှတ်ပြုမှုကို ညီလာခံများတွင် ဆက်လက်အတည်ပြုဆုံးဖြတ်ခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေ ဖြင့် နိုင်ငံတကာပါလီမန်များအဖွဲ့၏ ညီလာခံများနှင့် အစည်းအဝေးများသို့ တက်ရောက်ကာ မြန်မာ့အရေးအခြေအနေများ၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အနာဂတ်နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့်၊ ပံ့ပိုးကူညီပေးစေလိုသည့် ကိစ္စရပ်များကို တိုက်တွန်းလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယခုလွှတ်တော်ဆိုင်ရာကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ လွှတ်တော်အမတ် ဒေါ်မြတ်သီတာထွန်း (နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ) တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။