တာမွေ၊ ကျားကွက်သစ်ရပ်ကွက်တွင် အမျိုးသမီးများ စစ်မှုမထမ်း စေရေး လုပ်ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ် ၁၀ သိန်းမှ သိန်း ၇၀ အထိ အုပ်ချုပ်ရေးမှူး ဝင်းသူက ခြိမ်းခြောက်တောင်းယူပြီး ကားဝယ်စီး
🟥 မှော်ဘီတွင် စစ်မှုထမ်းရမည့် လူငယ်များကို ပြင်ပသို့ သွားလာခွင့်ပိတ်ပင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသော အမျိုးသမီးများ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းမလိုလျှင် ငွေကြေးပေးရမည်ဟုဆိုကာ မိဘများထံမှ ငွေကျပ် ၁၀ သိန်းမှ သိန်း ၇၀ အထိ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းသူက ခြိမ်းခြောက်တောင်းယူခဲ့ကြောင်း ငွေပေးလိုက်ရသည့် ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူရန်မရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းသူနှင့်အဖွဲ့က ရပ်ကွက်အတွင်း အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ယူကြောင်း၊ ယင်းနောက် အသက် ၁၈ နှစ်ပြည့်ပြီးသော အမျိုးသမီးငယ်များသည် စစ်မှုထမ်းရန် အကျုံးဝင်သည်ဟုဆိုကာ ငွေကြေးတတ်နိုင်သော မိဘများထံမှ ငွေကျပ် ၁၀ သိန်းမှ သိန်း ၇၀ အထိ တောင်းယူနေကြောင်း၊ ယင်းနောက် ရရှိသော ငွေကြေးများဖြင့် တိုယိုတာ ကလူဂါ ကား အမည်းရောင် ဝယ်ယူခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဝင်းသူနှင့်အတူ တပည့် ကိုဖြိုးဆိုသူမှာလည်း ရပ်ကွက်အတွင်း ငွေကြေးပေးခဲ့သူများကို တိုင်ကြားခြင်းမပြုရန် လိုက်လံ ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“အမျိုးသမီး စစ်မှုထမ်းတွေ ခေါ်တော့မယ်ဆိုတဲ့ သတင်းထွက်တဲ့အချိန်က အုပ်ကြီး ဝင်းသူက စာရင်းကောက်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အိမ်တွေကနေ ငွေကျပ် ၁၀ သိန်းကနေ သိန်း ၇၀ အထိ တောင်းယူတယ်။ အဲဒီနောက်မှာ စစ်ကောင်စီ ဇော်မင်းထွန်းက အမျိုးသမီးတွေ စစ်မှုထမ်းမခေါ်သေးဘူးပြောတယ်။ အဲဒါ တောင်းထားတဲ့ငွေတွေလည်း ပြန်မပေးဘူး။ အုပ်ကြီးဝင်းသူက ကလူဂါ အမည်းရောင်ကား ဝယ်စီးတယ်။ မျက်နှာပြောင်တိုက်တာ။ သူရဲ့ တပည့် ကိုဖြိုးဆိုတဲ့သူကလည်း ရပ်ကွက်ထဲမှာ ခြိမ်းခြောက်ဟောက်စား လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းသူက ငွေတောင်းရာတွင် အမျိုးသား ၁ ဦးလျှင် စစ်မှုထမ်းရန် အလှည့်ကျော်လိုပါက ငွေကျပ် ၁၀ သိန်းတေင်းယူကြောင်း၊ အမျိုးသမီး စစ်မှုထမ်းခေါ်မည်ဟုဆိုကာ မဂ္ဂင်လမ်းအတွင်းရှိ အလှပြင်ဆိုင်မှ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသမီးများထံမှ ငွေကျပ် သိန်း ၇၀ တောင်းယူခဲ့ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မျောက်ချောကုန်းကျေးရွာတွင် ရွာအုပ်ချုပ်ရေးမှူး အမျိုးသမီးက စစ်မှုထမ်း စာရင်းပါသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ကျေးရွာပြင်ပသို့ သွားလာခွင့်ပိတ်ပင်ထားကြောင်း သိရှိရသည်။
“မျောက်ချောကုန်းကျေးရွာမှာ စစ်မှုထမ်း စာရင်းပါတဲ့လူတွေအားလုံးကို မဲနှိုက်ခိုင်းတယ်။ မဲပေါက်သူဆိုရင် ကျေးရွာ ပြင်ပ မသွားရဘူးဆိုပြီး အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်တယ်။ တကယ်လို့ စစ်မှုထမ်းမဲပေါက်ထားတဲ့ သူက အိမ်ကနေပျောက်သွားရင် ကျန်ခဲ့တဲ့မိသားစုကို ဖမ်းမယ်၊ ထောင်ချမယ် ဒုက္ခပေးမယ်ပေါ့။ အဲဒီလိုခြိမ်းခြောက်တယ်။ ရွာလူကြီးက အမျိုးသမီး၊ သူ့အိမ်မှာ ပြည်သူ့စစ် ၈ ဦးလောက် လုံခြုံရေါ်ယူထားတယ်။သူ့အိမ်မှာ အစောင့်တွေနဲ့။ နောက်ပြီး ရွာက ပြည်သူတွေကို ညတိုင်း ကင်းဆိုပြီး စောင့်ခိုင်းတယ်။ အကုန်လုံးက သူ့ပဲ ကြောက်နေရတယ်” ဟု မျောက်ချောကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လစဉ် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် များအတွက် မြို့နယ်တစ်ခုလျှင် တစ်လ လူဦးရေ ၇၀ ဦး အနည်းဆုံးပေးပို့ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရှိရသည်။
