ကလေးတောင်ပိုင်းမှာ တိုက်ပွဲ ဆက်ဖြစ်၊
စစ်အုပ်စု လေကြောင်းဗုံးကြဲ ခုခံတဲ့ကြားက ငါးရက်အတွင်း စစ်စခန်း ငါးခု သိမ်းယူနိုင်ပြီး အလောင်း၊ လက်နက်နဲ့ သုံ့ပန်းတွေ ရရှိ၊
စစ်အုပ်စုက ကျေးရွာတွေအပေါ် ဗုံးမိုးရွာလို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ဆယ်နဲ့ချီ သေဆုံးကာ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ၊
ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး- ဂန့်ဂေါ ကားလမ်းပေါ်ရှိ အောင်သာယာ (ရွာသစ်နဲ့ ရွာဟောင်း)၊ မှန်တောနဲ့ ကြံသာရွာ စစ်အုပ်စု စခန်း လေးခုကို တော်လှန်ရေး အင်အားစုတွေက ဖေဖော်ဝါရီလ ၁၅ရက်နဲ့ ၁၆ရက်မှာ ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကလေးနယ်တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီလ ၁၁ရက်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ ခုခံနေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက်မှာ အဲ့ဒီ ကလေးနယ်တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က ကမ်းပါးနီ စစ်အုပ်စု စခန်းကို တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ရက် မနေ့က မှန်တောရွာနဲ့ အောင်သာယာ (ရွာသစ်၊ရွာဟောင်း)ရှိ စစ်အုပ်စု စခန်း၊ ဖေဖေါ်ဝါရီလ ၁၆ရက်မှာ ကြံတောရွာ စစ်ခန်တွေကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“အောင်သာရွာသစ်၊ ရွာဟောင်းက ရပြီ။ မှန်တောလည်း ထပ်သိမ်းနိုင်တာ။ ကြံသာရွာက ဒီနေ့ ထပ်သိမ်းတာ“
စစ်အုပ်စုက စခန်းတွေ မကျဖို့ လေကြောင်းပစ်ကူ၊ လေကြောင်းဗုံးကြဲ ခုခံတဲ့ကြားက အခုလို ဆက်လက် စခန်းသိမ်းနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲ့ဒီ စခန်းသိမ်း တိုက်ပွဲတွေအတွင်း ကမ်းပါးနီ စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စု ၁၀ဦးထက်မနည်း သေဆုံး၊ ၂၀ကျော် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်း ရရှိခဲ့ပေမယ့် ကျန်စခန်းတွေမှာတော့ စစ်အုပ်စုက ထွက်ပြေးတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကမ်းပါးနီ သိမ်းပြီးတော့ သူတို့က ဆုတ်ပြေးသွားတယ်။ အဲ့ဒါ ဆက်တိုက်ရင်းတဲ့ နောက်ထပ် ရွာတွေက စစ်တပ်က ပြန်ထွက်ပြေးတာ။ လက်ရှိကတော့ အသေ ကတော့ ၁၅ ဦးလောက် သေတယ်။ ဖမ်းမိတာက တော့ ပထမ နေ့ကဟာပဲ ရှိသေးတယ်”
အဲ့ဒီ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် သုံးဦး ဒဏ်ရာရတယ်လို့ ဆိုပြီး ထိခိုက် ကျဆုံးမှု အသေးစတ်ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
ကမ်းပါးနီ စခန်းမှာ စစ်အုပ်စု ဗိုလ်မှူးအဆင့် ဦးဆောင်တဲ့ အင်အား ၇၀ ခန့် ရှိပြီး တော်လှန်ရေး တပ်တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ချိန်ကတည်းက အဲ့ဒီ ဗိုလ်မှူးက ဦးဆောင်ကာ စခန်းစွန့်ခွာ ထွက်ပြေးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကတော့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို နေ့စဉ် ဗုံးကြဲနေသလို ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကိုလည်း နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ ဗုံးကြဲနေလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် သေဆုံးသူ ဆယ်နဲ့ချီ ရှိကာ ထောင်ချီတဲ့ ပြည်သူတွေ ရွာမှာ မနေရဲဘဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေချိန် ဖေဖော်ဝါရီလ ၁၄ရက်မှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ ကျော်ရွာ ကျေးရွာနဲ့ သံဖို ကျေးရွာကို လေကြောင်း ဗုံးကြဲလို့ ကလေးသူငယ်နဲ့ CDM ကျောင်းဆရာမ အပါအဝင် ဒေသခံ ခုနှစ်ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ကျော်ရွာ ကျေးရွာက အသက် ၅၀အရွယ် ဦးဖိုးလုံးနဲ့ ဒေါ်တင်တင်မှုတို့ ဇနီးမောင်နှံ၊ အသက် ၈၀ အရွယ် ဦးစောမောင်၊ သံဖို ကျေးရွာက အသက် ခုနှစ်နှစ်အရွယ် မောင်ဘွဲထာလျန် (Bawi Tha Lian Kum)၊CDM ကျောင်းဆရာမ ဒေါ်ရိုဒါ( Roda)၊ ဆလိုင်းအောင်နိုင်ဆန် (Salai Aung Nei Sang)၊ ဦးဇထလုတ် (Pu Za Thluk)တို့ ဖြစ်ပါတယ်။
” ကျော်ရွာက ဆေးခန်းအရှေ့က နေအိမ်ကျတာ။ မပြေးနိုင်လို့ ကျန်ခဲ့တာ အဲ့ဒီမှာ သုံးယောက် သေတယ်။ သံဖိုရွာကတော့ လေးယောက်လို့ သိရတယ်။ အိမ်ပါပျောက်သွားတာတဲ့။ အိမ်ပေါ်ကျပြီး ထိကုန်ကြတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဗုံးမိုးရွာသလို စစ်အုပ်စုက ကလေးမြို့နယ် တောင်ပိုင်း ကျေးရွာတွေအပေါ် နေ့စဉ်ရက်ဆက် ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချနေလို့ တင်သား၊ ကုက္ကိုလ်၊ ရှားတော၊ နွားရွာ၊ ကျောက်ဖူး၊ အရှေ့စည်း၊ ဒိုးနွယ်၊ ရှားဖို ၊ အင်းကျွန်း၊ကျောက်ပြုတ် ၊ သံဖို ၊ ရှားဖို ၊ ကျော်ရွာ ၊ ရွာစည် ရွာသာ၊ စည်းဟောင်၊ မြောက်စည်း ၊ ခုံတိုးမြို့သာ စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရပြီးတော့ စားသောက်ဖို့ ဆန်၊ဆီ၊ဆား အရေးပေါ်လို အပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်အုပ်စုက ကလေးနယ်တောင်ပိုင်းကို လေယာဉ်နဲ့ လူသူ၊ လက်နက် အင်အား ပို့ဆောင်ဖြည့်တင်းနေသလို ၊ကလေးမြို့ လေဆိပ်ကိုလည်း ထောက်ပို့ လေယာဉ်ကို တစ်ရက်ကို ခြောက်ကြိမ်ထက်မနည်း ဆင်းသက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးနယ်တောင်ပိုင်း ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ထုတာတွေ နေ့စဉ် ပြုလုပ်နေပြီး ဖေဖော်ဝါရီလ ၂ရက်ကလည်း ကလေးနယ်တောင်ပိုင်း တင်သား ကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာ ဆေးခန်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲလို့ ကလေးသူငယ်နဲ့ မိသားစုလိုက် သေဆုံးမှုတွေ အပါအ၀င် ဒေသခံပြည်သူ ၁၁ ဦး သေဆုးခဲ့ပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းရှိ စစ်စခန်းတွေအနက် တော်လှန်ရေး အင်အားစုတွေက ၂၀၂၃ နိုဝင်ဘာလ အတွင်း ရန်ကြီးအောင် စခန်း နဲ့ မြောက်စည်း ရဲစခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး ာခု စခန်းလေးခုကို ထပ်မံ သိမ်းပိုက်နိုင်ပြီမို့ နည်းပညာတက္ကသိုလ်ထဲက စစ်စခန်း အပါအဝင် စစ်အုပ်စု စခန်းအနည်းငယ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ကလေးနယ်တောင်ပိုင်း စခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP