လှိုင်မြို့နယ်၊ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အစပ်ရှိ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်အချိန် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် အစပ် ဘုရင့်နောင်လမ်းနှင့် ပါရမီ လမ်းထောင့်ရှိ တပ်ထိန်းတပ်၏ လုံခြုံရေး ဂိတ်ပေါက်၀ကို Yangon UG People Army -YUPA နှင့် မဟာမိတ် မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ တို့ပူးပေါင်း၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း YUPA အဖွဲ့က သတင်းထုတ်ပြန်သည်။
“မနေ့ ည ၈ နာရီ ၃၀ မိနစ်လောက်ကနေ ည ၉ နာရီလောက်အထိ တပ်ထိန်းတပ် ဂိတ်ပတ်ဝန်းကျင်မှာ စစ်တပ်ရော ရဲရော လာစစ်တယ်။ အဲဒီနားက လူလည်းပြတ်တော့ ပိတ်ဆို့ စစ်ဆေးမှုလုပ်တာတွေ့ရတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့အသံတော့ မကြားမိဘူး။ ည ၉ နာရီကျော်လောက်မှာတော့ တပ်ရော ရဲရော မတွေ့ရတော့ဘူး” ဟု ပါရမီလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တွင် အခြေစိုက်ထားသော YUPA က မြို့ပြမစ်ရှင်များကို အရှိန်မြှင့်လုပ်ဆောင်မည် ဖြစ်ပါသောကြောင့် ပြည်သူများ အနေဖြင့် စကစ များရှိသော နေရာများကို ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံထားသည်။
ယမန်နေ့ ရန်ကုန်မြို့တွင် ယခင်ထက်ပို၍ လုံခြုံရေးများ များပြားခဲ့ပြီး ရွှေပြည်သာ၊ လှိုင်သာယာနှင့်မြို့လယ်ခေါင် မြို့နယ်တချို့တွင် စစ်တပ်က ဧည့်စာရင်းစစ်မှုများကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
