စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုသာ အာရုံစိုက်နေသောကြောင့် ခိုးဆိုးလုနှိုက်များကို ပြည်သူများကိုယ်တိုင် ဖမ်းဆီးနေရ
AAMIJ / ဖေဖော်ဝါရီ ၁၆
ရန်ကုန်မြို့မှာ စစ်တပ်က အဓမ္မစစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုသာ အာရုံစိုက်လုပ်ဆောင်နေတာကြောင့် ခါးပိုက်နှိုက်မှုတွေ၊ အုပ်စုဖွဲ့ ခိုးယူမှုတွေကို ပြည်သူတွေကိုယ်တိုင် ဖမ်းဆီးပေးနေရေကြာင်း ယခုရက်ပိုင်း သတင်းတွေမှာ တွေ့မြင်နေရပါတယ်။
ဖေဖော်ဝါရီလ ၁၄ရက်နေ့က လှိုင်သာယာ နည်းပညာတက္ကသိုလ်ကနေ ဆူးလေကို ပြေးဆွဲတဲ့ YBS 61ယာဉ်လိုင်းပေါ်မှာ ခါးပိုက်နှိုက်မှု ကျူးလွန်သူတစ်ဦးကို ပြည်သူတွေကိုယ်တိုင်ဖမ်းဆီးပြီး ရဲစခန်းကိုအပ်နှံပေးခဲ့ရပါတယ်။
ဖေဖေါ်ဝါရီလ ၁၆ရက်နေ့ မနက်ပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၃ရပ်ကွက်၊ ငွေကြာရံကျောင်းအတွင်း သံဃာတော်တွေ ဆွမ်းခံကြွနေချိန်မှာ လူတစ်စုက ကိုယ်ပိုင်ကားနဲ့ရောက်ရှိလာပြီး ဖုန်းတွေဝင်ခိုးခဲ့ပါတယ်။ အဆိုပါအဖွဲ့ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နေပြည်သူတစ်ဦးက AAMIJကို အခုလို ပြောပါတယ်။
“ဒီအခြေအနေတွေကိုကြည့်ရင် စစ်တပ်က အုပ်ချုပ်ရေးမှာရော၊ တရားဥပဒေဆိုးမိုးရေးမှာပါ အဖက်ဖက်က ယိုယွင်းနေတာ ကိုမြင်နိုင်တယ်။ ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ စကားကအမှန်ပဲ။ ရှေ့လျောက်လဲ ဒိထက်ဆိုးတဲ့ အခြေအနေတွေဖြစ်လာမှာပဲ၊ရန်ကုန်ဟာ မလုံခြုံတော့တာ ကြာပါပြီ။ ဒီလိုအခြေအနေတွေကြားမှာပဲ အဆင်ပြေအောင်နေနေရတာပါပဲဗျာ။”
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ရွှေတိဂုံစေတီ ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုရာမှာ စိန်ဖူးတော် ကြည့်ဖို့ဆောက်ထားတဲ့ ငြမ်းစင်ပေါ်ကနေ ရန်ကုန် မြင်ကွင်းတွေကို ကြည့်ရှုပြီး မြို့ သာယာလှပရေးနဲ့ အဆင့်မြှင့် တင်နိုင်ရေး တခါတည်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#aamij #yangon
