စစ်​တွေတွင် တိုက်ပွဲ​ ပိုမိုပြင်းထန် ၊ AA က အဓိကကျသည့်စခန်း​များကို​ ထိုးစစ်ဆင်

by

in

စစ်​တွေတွင် တိုက်ပွဲ​ ပိုမိုပြင်းထန် ၊ AA က အဓိကကျသည့်စခန်း​များကို​ ထိုးစစ်ဆင်
ဓါတု
မဇ္ဈိမ။ ။ စစ်​တွေမြို့နယ်တွင် တိုက်ပွဲ​ပိုမိုပြင်းထန်လာပြီး အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီ အထိုင်ချထားသည့် အဓိကကျသော တပ်စခန်းများကို ​တောက်​လျှောက်ထိုးစစ်ဆင်​နေ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက​ ပြောသည်။
စစ်တွေမြို့ပြင် ပါဒလိတ်နှင့် အမြင့်ကျွန်း​၊ ကြွီတဲကျေးရွာမှ အထိုင်ချတပ်စခန်းများ၊ ကွမ်း​တောင်​ကျေးရွာနှင့် ရွှေမင်းဂံဘက်သို့ AAက ထိုးစစ်ဆင်နေရာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှ ယ​နေ့ ( ဖေ​​ဖော်ဝါရီလ ၁၆ ရက် ) အထိ တိုက်ပွဲများ ပိုမိုပြင်းထန်​လာကြောင်း​ ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်က​ မဇ္စျိမကို​ပြောသည်။
“စစ်​တွေက​တော့​ တောက်​လျှောက်တိုက်ပွဲဖြစ်နိုင်တဲ့ အ​နေအထားမှာရှိတယ်။ ဟိုဘက် ဒီဘက်ကမ်း လှမ်းမြင်​နေရ​တော့ အနီးကပ်သ​ဘောမျိုး​ပေါ့။လက်နက်ကြီး​တွေနဲ့ အပြန်အလှန်ပစ်​နေကြတာ ဒီ​နေ့အထိပစ်​နေတုန်းပဲ ။ နှစ်ဖက်အထိအခိုက်​တွေကအတိအကျမသိရ​သေးဘူး”ဟု ၎င်းကပြောသည်။
စစ်​တွေမြို့​ပေါ်တွင်ရဲတပ်ရင်း၊ ရဲအကူတပ်ရင်းနှင့် ကမ်းနားဘက်ရှိ ရေတပ်စခန်းသာရှိ​နေခြင်း​ကြောင့် အာရက္ခတပ်​တော်(AA) အ​နေဖြင့် စစ်​​ကောင်စီတပ်စခန်းများ အ​ခြေစိုက်ထားသည့်​ ကျန်နေရာများကိုသာ အဓိက ပစ်မှတ်ထားတိုက်ခိုက်​နေ၍ ထိုးစစ်မှာ မြို့​ပေါ်သို့ မ​ရောက်လာနိုင်​ကြောင်း CDM ဗိုလ်ကြီးဇင်​ယော်ကသုံးသပ်သည်။
“အဓိက မိန်းက သက်ကယ်ပြင်ဒကစလည်းရှိတယ် တိုင်းမှူးလည်းရှိ​တော့ ဒကစကျပြီဆို​တာနဲ့ မြို့ထဲကရဲ​တွေကအလံဖြူ​ထောင်ပြီး​တော့ထွက်လာမယ့်အ​နေအထားပဲ။ ဒါ​ပေမဲ့ သက်ကယ်ပြင်လို​နေရာကို အဓိကတိုက်စစ်မျက်နှာစာထားပြီး လုပ်မယ်ဆိုရင် AA တို့အ​နေနဲ့ စစ်​တွေမြို့ထဲက​နေ ​ခြေကုပ်ယူပြီးတိုက်ရမယ့်အ​နေအထားမဟုတ်ဘူး ။ အဲ့ဒီ​တော့ မြို့ကိုဖျက်ဆီးမှာက စစ်တပ်ကပဲ ဖျက်ဆီးလိမ့်မယ်။ ဒါ​ကြောင့်မြို့ထဲမှာ တိုက်ပွဲ​ရောက်လာနိုင်စရာ ပြင်းထန်လာနိုင်စရာမရှိဘူးလို့ ပြောရမှာပဲလို့ ထင်ပါတယ်”ဟု ၎င်းကမဇ္စျိမကို​ပြောသည်
အဆိုပါနယ်​​မြေများတွင် ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ ၈ ရက်ကစ၍ တိုက်ပွဲများစတင်ခဲ့ပြီး လက်ရှိတွင် ပြင်းထန်သည့်​နေ၍ စစ်​တွေကို AA က ပိတ်ဆို့ကာလက်နက်ကြီး​များဖြင့် ပစ်ခတ်​နေ​ခြင်းဖြစ်​ကြောင်း​ ဒေသခံများက ဆိုသည်။
စစ်​​ကောင်စီအ​နေဖြင့်လည်း လက်ရှိတိုက်ပွဲဖြစ်ပွား​နေသည့် ပါဒလိတ်အစွန်ဖြစ်သည့် အမှတ်(၂၃၂) ​ခြေလျင်တပ်ရင်းနှင့် ကြွီတဲဘက်ရှိ အမှတ်(၃၄၄) ​ခြေမြန်တပ်ရင်းတို့တွင် လက်နက်ကြီးအထိုင်စခန်း​များကို ခံစစ်အခိုင်အမာပြင်ဆင်​ထား​ကြောင်းသိရသည်။
ယင်းခံစစ်အ​နေအထားမှာ ယခင်ကတိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်း၊ ရ​သေ့​တောင်၊​ ကျောက်​တော်၊​ မြောက်ဦး၊​ မောင်​တော နှင့် ဘူးသီး​တောင်ဘက်မှ တပ်ဆုတ်ပြီးထွက်​ပြေးလာသည့် ခွာစစ် တပ်သားနှင့် ရဲ​တပ်သားအားလုံး စုစည်း ခံစစ်ဆင်နိုင်သည့်အ​နေအထားရှိ​​ကြောင်း CDM ဗိုလ်ကြီးဇင်​ယော်ကဆိုသည်။
သို့​သော်လည်းတပ်ပျက်ပြီး​ ပြေးလာသူ​များဖြစ်​သော​ကြောင့် အာရက္ခတပ်​​တော်က အင်အားအလုံးအရင်းဖြင့် တိုက်မည်ဆိုလျှင် ထွက်​ပေါက်မှာကုလားတန်မြစ်ဝသာရှိ​​နေ၍ နဂိုပုံစံအတိုင်းလက်နက်ချနိုင်​ကြောင်း ၎င်းကသုံးသပ်သည်။
စစ်တွေမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ ခလရ(၂၀)၊ခလရ(၂၇၀)၊ခလရ(၂၃၂) ခမရ(၃၄၄)၊ခမရ(၃၅၄)၊ အမှတ် ၁၂နှင့်အမှတ်(၃၆) ရဲတပ်ရင်း စသည့် စုစု​ပေါင်း တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိသည်။
စစ်​တွေမြို့​နယ်တွင်တိုက်ပွဲဖြစ်ပွား​နေ​သော်လည်း ဌာနဆိုင်ရာရုံးဝန်ထမ်း​များကိုအတင်းအကျပ်ရုံးတက်​ခိုင်းပြီး ဝန်ထမ်း​များကိုလည်း(Movement order)ခရီးသွားလာခွင့်အမိန့်ကိုလည်း ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာလကတည်းကပိတ်ပင်ထားခြင်းဖြစ်​ကြောင်း ရုံးဝန်ထမ်းများထံကတဆင့်သိရသည်။
လက်ရှိတွင် အာရက္ခတပ်​တော်(AA) ကစစ်​တွေမြို့နယ်အပြင် ပြည်မနှင့်ရခိုင်ထိစပ်​နေသည့် ​ရေကြည်၊ငဖဲမြို့နယ်များတွင်လည်း စစ်​ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်လျက်ရှိသည်။
ပုံအညွှန်း- ပုဏ္ဏားကျွန်းမြို့မရဲစခန်း​ရှေ့ရှိ အာရက္ခတပ်​​တော်(AA)တပ်ဖွဲ့ဝင်များ