စစ်ကိုင်း -မင်းကွန်းလမ်းပိုင်း ညအချိန် အသုံးမပြုဖို့ PDF အသိပေး
ဆိုင်းမင်း/People’s Spring
စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ညအချိန်ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကွန်း ) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မနက် ၆နာရီကနေ ညနေ ၆နာရီအတွင်းသာ လမ်းပိုင်းကို အသုံးပြုကြဖို့ အသိပေးထားတာပါ။
” စာထုတ်ထားတာတော့မှန်တယ်ဗျ၊ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေတယ်” လို့ မင်းကွန်းနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင် တစ်ဦးက ပြောပါတယ်။
စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းကို စစ်ကောင်စီတပ်က အသုံးပြုနေသလို မြသိန်းတန်စေတီနဲ့ မင်းကွန်းနယ်မြေရဲစခန်းမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းကို သတိထားသွားလာကြဖို့နဲ့ မဖြစ်မနေ ညပိုင်း သွားလာရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ အကြောင်းကြားကာ ကားမှန်ချပြီး မောင်းနှင်ဖို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက မင်းကွန်းဒေသ မြသိန်းတန် စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ တွေဖြစ်ထားပါတယ်။
စစ်ကိုင်းမြို့ အဝင် မုခ်ဦးမှ မင်းကွန်းဘက်ဆီ လမ်းပိုင်းကို Google Map မှာတွေ့ရပုံ
