ပဲခူးတိုင်း မြို့နယ်လေးခုရှိ စစ်ကောင်စီစခန်း ၇ခုကို KNUနှင့် PDFတပ်များ တပြိုင်တည်းတိုက်ခိုက် ▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းရ၊ PDF ရဲဘော်တစ်ဦး ကျဆုံး

by

in

ပဲခူးတိုင်း မြို့နယ်လေးခုရှိ စစ်ကောင်စီစခန်း ၇ခုကို KNUနှင့် PDFတပ်များ တပြိုင်တည်းတိုက်ခိုက်
▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းရ၊ PDF ရဲဘော်တစ်ဦး ကျဆုံး
ထားမြတ်/People’s Spring

ပဲခူးတိုင်းအတွင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများနှင့် ကာကင်းစခန်းများကို ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပြန်ကြားရေးဌာနတို့က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) အသိပေးထုတ်ပြန်သည်။
ကရင်အမျိုသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း ၃ခုကို ယမန်နေ့ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
အဆိုပါနယ်မြေရှိ စစ်ကောင်စီတပ် ခမရ(၅၆၀)ဦးဆောင်သည့် တပ်ပေါင်းစု ဝင်ရောက်တပ်စွဲထားသည့် နရွဲပင် ဂိတ်စခန်း၊တောဝိရွာနှင့် ထိန်တပင်ကြားရှိ ဂိတ်စခန်း ၊ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းများအား KNLA တပ်ရင်း(၉) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၅ရက် ညပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဂိတ်စခန်းများသိမ်းပိုက်စဉ် စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း တစ်ခုနှင့် လက်နက်ငယ် (၅) လက်၊ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ KNUက ထုတ်ပြန်သည်။
KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းကြီးငယ် ၁၅၀ ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ ယခုနှစ်အတွင်း စစ်ရှိန်မြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း စစ်အာဏာရှင် ဝါဒ၊ မဟာလူမျိုးကြီးဝါဒ ပြိုလဲကျရေးအတွက် အားလုံး စုပေါင်းဆောင်ရွက်ကြရန် ဖေဖော်ဝါရီ ၁၁ရက်က ကျရောက်သည့် ကရင်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်း၌ ပြောကြားထားသည်။
NUG သတင်းပြန်ကြားရေးဌာန ဖြစ်သည့် PVTVကလည်း ယနေ့တွင် တိုက်ပွဲသတင်းဖော်ပြရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ဆင်ရေးနယ်မြေ ၂ အတွင်းရှိ စစ်ကောင်စီ ကာကင်းစခန်း ၇ခုကို ယမန်နေ့ညပိုင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ရဲမှူးတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေး နယ်မြေ ၂ အတွင်းရှိ ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောရကျောင်းကို မဟာမိတ် KNLA နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျန် တပ်စခန်းများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ အဝင် သံလမ်းဂုံးပေါ်ရှိ ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အဝင် စစ်ကောင်စီ၏ ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ရှိ ဂိတ်စခန်းများကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ဟု အသိပေးသည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့ဟု ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို PDF (၇၈၀၃) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဟု ဆိုသည်။
ဖြူးမြို့နယ် ရန်ကုန် – မန္တလေးအမြန်လမ်းဟောင်းဘေးရှိ ဆာဂွန်းဂိတ်အား ဖြူး ပကဖနှင့် (၆၀၀၂) ဧရာဝတီ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့ဟု အသိပေးသည်။
ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်ရှိ နရွဲပင်ကျေးရွာ အထိုင်ကင်းစခန်းအား ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရန်သူသေဆုံး (၅)ဦးရှိပြီး G3 ၂လက်၊ MA1 ၁လက်၊ ခမောက် (၃)လုံး၊ ကျည် ၁၀၀ သိမ်းရခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းတိုက်ပွဲ၌ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဟု အသိပေးသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးတောရကျောင်း ရန်သူ့ စခန်းကို PDF တပ်ရင်း(၃၇၀၂)၊ KNLA တပ်ရင်း(၉)ပူးပေါင်းအဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၁၀လုံး ၊ လက်နက်ငယ် ၂လက်နှင့် ကျည်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နှင့် ထိန်တပင်ရွာကြား ရန်ကုန်- မန္တလေး ရထားလမ်း ကာကင်းဂိတ်စခန်းအား PDF တပ်ရင်း(၉၉၁၃)တော်ဝင်ဒေါင်းတပ်ရင်းက စီးနင်းတိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက် စုံစမ်းဆဲဖြစ်ညပီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ဟု အသိပေးသည်။ ယင်းတိုက်ပွဲ၌ ဦးထုတ် (၂)လုံး၊ ကျည်ကာအင်္ကျီ (၄)ထည် သိမ်းရခဲ့ကြောင်း ဖော်ပြသည်။
ယခု စစ်ဆင်ရေးတွင် PDF စစ်ဆင်ရေးနယ်မြေ (၂)ကွပ်ကဲမှုအောက်ရှိ ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း(PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃ ၊ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂) ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉ ၊ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
(စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)