လှိုင်ရတနာဈေးမီးလောင်မှူ ဈေးအပြင်တန်းသာကျန်
ရောင်နီ / People’s Spring
ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်ရတနာဈေး၌မီးလောင်မှူဖြစ်ခဲ့ရာ ဈေးအပြင်တန်းဆိုင်ခန်းများသာကျန်ရှိပြီး အခြားနေရာအားလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းဈေးအနီးတွင်နေထိုင်သူများကပြောသည်။
“အတွင်းကရုံတွေက တိုင်လေးတောင် မကျန်ဘူး။ ” မီးလောင်မှူကိုသွားရောက်ကြည့်ရှုခဲ့သည့်အမျိုးသားတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အလယ်ဈေးတန်းမှ စလောင်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ယင်းမီး လောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်၌ တစ်နာရီခွဲ အချိန်ခန့်အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ညကိုးနာရီမီးစလာကတည်းကလောင်တာလားမသိဘူး။ မီးကပြတ်လိုက်လာလိုက်ဖြစ်နေတာတွေက မီးလောင်တာတွေဖြစ်နိုင်တာ” ဟု ယင်းနေရာသို့လာရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးကသုံးသပ်သည်။
မီးလောင်မှုစတင်သည့်နေရာသည် သားငါးဈေးတန်းဖြစ်ပြီး ယင်းနေရာအားလုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
ယင်းမီးလောင်မှုကို လာရောက်ကြည့်ရှုသူအများအပြားရှိခဲ့ပြီး အချို့ကလည်း ၎င်းတို့၏ ဈေးဆိုင်များမှ ပစ္စည်းများကိုရသလောက် ပြန်သယ်နေသည်ကိုတွေ့ရသည်။
မီးလောင်မှုကို ငြှိမ်းသတ်ရသည့်မီးသတ်သမားများအနေဖြင့် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရကြောင်းဒေသခံများကပြောသည်။
မီးလောင်ချိန်သည် စစ်ကောင်စီက သတ်မှတ်ထားသည့် ည မထွက်ရအချိန်ဖြစ်သော်လည်း အနီးအနားပတ်ဝန်းကျင်မှ လာရောက်ကြည့်ရှူသူအများအပြားရှိခဲ့သည်။