အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရန် သွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်၊ အိမ်ရှင်နှင့်မိသားစုဝင်အားလုံး လွတ်မြောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် စစ်မှုထမ်းဆင့်ခေါ်ရန် သွားရောက်သည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်လိုက်ပြီး အိမ်ရှင်နှင့်မိသားစုဝင်အားလုံးမှာ ပြည်သူ့ကာကွယ် ရေးတပ်များ ထိန်းချုပ်သော နယ်မြေသို့ ရောက်ရှိ လွတ်မြောက်သွားပြီဖြစ်ကြောင်း မကွေးမြို့မှ ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း အောင်လံမြို့မှ ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးတို့က မကျဉ်းကုန်းရပ်ကွက်သို့ ရောက်ရှိလာပြီး စစ်မှုထမ်းရမည့် လူငယ်တစ်ဦးကို လာရောက် ခေါ်ဆောင်ကြောင်း၊ ထိုအချိန် စစ်မှုထမ်းခေါ်ဆောင်ခံရမည့် လူငယ်၏ နေအိမ်မှ အိမ်ရှင်အမျိုးသားက ဓားဖြင့် ထွက်ရှိလာပြီး ရဲတပ်ကြပ်ကြီးကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးတို့ကို ဓားဖြင့် ထွက်ခုတ်ရာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
” ရဲတပ်ကြပ်ကြီး ကျော်သူရ နဲ့ ပျူစောထီးတစ်ဦးက မကျည်းကုန်းရပ်ကွက် ထဲကို စစ်မှုထမ်းဖို့ သွားခေါ်တာ။ လက်နက်လည်း မပါဘူး။ အရပ်ဝတ်နဲ့ပဲ သွားကြတာ။ လူငယ်ရဲ့ မိသားစုကလည်း စစ်မှုထမ်းဖို့ လာခေါ်မယ်ဆိုတာ သိထားတယ်။ အခြေခံလူတန်းစားမိသားစုထဲက ဖြစ်တော့ ရှောင်တိမ်းဖို့ကလည်း အဆင်မပြေဘူး။ အဲဒီတော့ လာခေါ်တဲ့အချိန် ဓားနဲ့ ထွက်ပိုင်းတာ။ ရဲတပ်ကြပ်ကြီး ကျော်သူရနဲ့ ပျူစောထီးကတော့ ပွဲချင်းပြီးပဲ။ ခဏကြာတော့ လူနာတင်ကားနဲ့ စခ၊ ရခတွေ ရောက်လာတယ်။ ခုတ်တဲ့သူရော၊ မိသားစုရော အကုန်လုံး လွတ်မြောက်သွားပါတယ်” ဟု ဖြစ်စဉ်ကို အသေးစိတ်သိရှိထားသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓားဖြင့် ခုတ်ခံရ၍ သေဆုံးသွားသော ရဲတပ်ကြပ်ကြီး ကျော်သူရမှာ အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း၊ ၎င်း၏ အောင်လံမြို့ နေအိမ်တွင်နာရေး ပြင်ဆင်ထားကြောင်း သိရှိရသည်။
ရဲတပ်ကြပ်ကြီး ကျော်သူရသည် စစ် အာဏာမသိမ်းခင်က လောင်းကစား၊ မူးယစ်ဆေးဖြန့်ဖြူးသူများထံမှ ဆက်ကြေးကောက် ခံနေသူဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သူဖြစ်ကြောင်း၊ ရဲတပ်ကြပ်ကြီး ကျော်သူရ ဓားခုတ်ခံရ၍ သေဆုံးသော သတင်း ထွက်ပေါ်လာချိန်တွင် အောင်လံမြို့တစ်မြို့လုံးမှ ပြည်သူများ ဝမ်းသာနေကြကြောင်း သိရှိရသည်။
“ရဲတပ်ကြပ်ကြီး ကျော်သူရက နာမည်ဆိုးလွန်းတော့ မနေ့က သူသေပြီလည်း ဆိုရော တစ်မြို့လုံးက ဝမ်းသာတာပေါ့” ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရ။
