ပြည်ပသို့ တစ်လလျှင် အလုပ်သမား ရာဂဏန်း အရေအတွက်သာ စေလွှတ်ရန် အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ကန့်သတ်ပိတ်ပင်
🟥 ပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ခုလျှင် လိုင်စင်ကြေး ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင်တင်ရန်ညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လစဉ် အလုပ်သမား စေလွှတ်မှု အရေအတွက်ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး အသစ် ချစ်ဆွေက ကန့်သတ်လိုက်ပြီး ပြည်ပအလုပ် အကိုင်အေဂျင်စီ တစ်ခုလျှင် လိုင်စင်ကြေး ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင်တင်ရန် တောင်းခံလိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ရန်ကုန်မြို့တွင် စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သော အလုပ် သမားဝန်ကြီးအသစ် ချစ်ဆွေက ပြည်ပအလုပ်အကိုင် ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAA)နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆို ညွှန်ကြားလာခြင်းဖြစ် ကြောင်း သိရှိရသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနထံသို့ လိုင်စင်ကြေးအဖြစ် ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင် တင်သွင်းရမည်ဖြစ် ကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ချမှတ်ထားသော စည်း ကမ်း၊ အမိန့်နှင့် ဥပဒေများကို မလိုက်နာပါက အဆိုပါငွေပေါင်တင်ထားသော လိုင်စင်ကြေးငွေများကို ပြန်မပေးဘဲ သိမ်းဆည်းမည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက အရမ်းတင်းကျပ်တဲ့စည်းမျဉ်း စည်း ကမ်းတွေအောက်မှာ အလုပ်လုပ်နေရတာ ဘယ် လို လုပ်ပြီး လိုင်စင်ကြေး ငွေပေါင် သိန်း ၅၀၀၀ ပေးနိုင်မလဲ။ အခုတောင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ရပ်နားနေတာဆိုတော့ ငွေပေါင် သိန်း ၅၀၀၀ တင်ရမယ်ဆိုရင်တော့ လုပ်မယ့် အေဂျင်စီတောင် ရှိပါတော့မလားမသိဘူး။ သိန်း ၅၀၀၀ တော့ တင်ဖို့ အရမ်းခက်ခဲမယ်ထင်ပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ပြည်ပသို့ စေလွှတ်မည့် အလုပ်သမားအရေအတွက်ကိုလည်း ကန့်သတ်လိုက်ပြီး လိုင်စင်ရ အေဂျင်စီများအနေဖြင့် ထိုင်းနိုင်ငံသို့ တစ်လလျှင် အလုပ်သမားအရေအတွက် ၂၀၀ ဦး၊ ဂျပန်နိုင်ငံသို့ တစ်လလျှင် အလုပ်သမားအရေ အတွက် ၂၀၀ ဦးနှင့် မလေးရှားနိုင်ငံသို့ ၁၀၀ ဦး စသည်ဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုများကို ကန့်သတ်လိုက်ကြောင်း သိရှိရသည်။
လက်ရှိတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်ပိတ် ပင်ထားပြီး အမျိုးသမီးများနှင့် အသက် ၃၅ နှစ်အထက် အမျိုးသားများကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့်ပြုဆဲဖြစ် ကြောင်း သိရှိရသည်။
“ဒီလို အရမ်းတင်းကျပ်တော့ ပြည်ပအလုပ်အကိုင်အေဂျင်စီအလုပ်တွေကတော့ အရမ်းကို ခက်ခဲသွားမယ်။ ပြည်ပ ထွက် အလုပ်လုပ်မယ့် အလုပ် သမားတွေလည်း အတော်ခက်ခဲသွားမယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ပြောဆိုသည်။
စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ချစ်ဆွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အလုပ်သမားဝန်ကြီး အသစ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေ။
![](https://myiamm.xyz/wp-content/uploads/2025/02/480325562_991672266393713_5392930103605652286_n.jpg)