ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မြေကော်စက်ဘူဒိုဇာများဖြင့် ဝင်ရောက်ဖျက်ဆီးနေ

by

in

ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မြေကော်စက်ဘူဒိုဇာများဖြင့် ဝင်ရောက်ဖျက်ဆီးနေ
ရန်ကုန်၊ ဩဂုတ် ၃
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်အရှေ့ရှိ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုး ရပ်ကွက်အတွင်းရှိ မြေဧက ၂၀၀ ကျော်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းသည်ဟုဆိုကာ ရပ် ကွက် အုပ်ချုပ်ရေးမှူး၊ စစ်သား၊ ရဲများက နေအိမ်များ ဝင်ရောက် ဖျက် ဆီးနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၃ ရက်‌နေ့ နံနက်ပိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ် ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ အိမ်ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က သိမ်းယူရန် ကြိုးပမ်းခဲ့သည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့ရာ အစီအစဉ်ရပ်နားသွားခဲ့ကြောင်း၊ သို့ရာတွင် ယခု အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်ငွေနှင့်စစ်တပ်က ငွေမပေးသည့်အိမ်များကို ဖျက်ဆီးရန်ကြိုးစားလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဟိုတခါခေတ်သစ်က သတင်းတင်ပေးလိုက်လို့ ရပ်သွားတာ၊ အခုက အုပ်ကြီးက ပြန်စနေတာ၊ အရင်တစ်ခါသိမ်းမယ်လို့ လုပ်တဲ့သူတွေက ထပ်လုပ်တာမဟုတ်ဘူး။ အခုက အုပ်ကြီးက ငွေရချင်လို့ မရတဲ့အိမ်တွေကို ဖျက်ဆီးမယ်လုပ်တာ။ အဲဒီအုပ်ကြီးက စစ်မှု ထမ်းဟောင်း။ အခုလာဘူဒိုဇာနဲ့လာဖြိုနေပြီ။ တစ်အိမ်တော့ပါသွားပြီ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်း မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦးရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ပိုင်းက တပ်ပိုင်မြေဟုဆိုကာ သိမ်းဆည်းရန် လျှို့ဝှက်စာဖြင့် ညွှန်ကြားခဲ့ ကြောင်း၊ ယင်းညွှန်ကြားစာတွင် ဒုတိယဗိုလ်မှူးကြီး သိန်း နိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ် ကြီး သိန်းသန်းဇော် တို့ကို တရားမဝင်မြေသိမ်းရန်အတွက် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများအဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။
“ပိုက်ဆံဘယ်လောက်ပေးရလဲတော့ မသိဘူး။ ပေးလိုက်ရတဲ့သူတွေက မပြောရဲကြဘူး။ ပိုက်ဆံ ရတဲ့ နေရာကအိမ်တွေကို မဖျက်ဘူး။ ပိုက်ဆံမရတဲ့အိမ်တွေကို စဖျက်နေတာ။ ရဲ၊ စစ်တပ်၊ အုပ်ကြီး တွေပေါင်းပြီး လုပ်ကြနေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်း ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက အလုပ်ရုံလျာထားမြေနေရာသာ ဖြစ်ပြီး တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ ယခု စစ်အာဏာ သိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံက သိရသည်။
“အိမ်ခြေက ၁၀၀၀ ၊ လူဦးရေက ၃ သောင်းလောက်တော့ရှိတယ်။ အဓိက ဖြစ်တဲ့ ပြဿနာက စစ်တပ်ရဲ့ရှေ့ မှာ အိမ်ခြေ ၁၀၀၀ လောက်ဆိုတော့ စစ် တပ်လုံခြုံရေးအတွက်ဆိုပြီး သိမ်းချင်တာ။ အဲဒီအတွက် ဗုံးတွေ ခွဲတယ်။ အဲဒါ သူတို့က သိမ်းဖို့လုပ် နေတာ။ အစကတည်းက တပ်ပိုင်မြေမဟုတ်ဘူး သူတို့ကလည်း သိ တယ်။ အဲဒါကို သိမ်းဖို့ လုပ်နေတာ။ လျှို့ဝှက်စာထွက်တာ ဇန်နဝါရီ ၁ ရက်နေ့က။ “ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဇန်နဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။
ဓာတ်ပုံ- ယနေ့ ရပ်ကွက်ကို လာရောက် ဖျက်ဆီးသည့် မြေကော်စက်ဘူဒိုဇာကို ရပ်ကွက်အတွင်း မဝင်ခင် တွေ့ရစဉ်။