စစ်​ကောင်စီ၏ ​ရွေး​ကောက်ပွဲအစီအစဥ်များကို ငြင်းပယ်​ဟု နိုင်ငံတကာ​ရွေး​ကောက်ပွဲဆိုင်ရာအဖွဲ့များ ပူးတွဲကြေညာ

by

in

စစ်​ကောင်စီ၏ ​ရွေး​ကောက်ပွဲအစီအစဥ်များကို ငြင်းပယ်​ဟု နိုင်ငံတကာ​ရွေး​ကောက်ပွဲဆိုင်ရာအဖွဲ့များ ပူးတွဲကြေညာ
001
မဇ္ဈိမ။ ။ တရားဥပ​ဒေနှင့် မညီသည့် မြန်မာစစ်အုပ်စု၊ စစ်​ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ​ရွေး​ကောက်ပွဲအမည်ခံ အစီအစဥ်များကို ပြတ်ပြတ်သားသား ငြင်းပယ်​ကြောင်း နိုင်ငံတကာ ​ရွေး​ကောက်ပွဲကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများ ယမန်​နေ့ (​ဖေ​ဖော်ဝါရီလ ၆) က ပူးတွဲ​​ကြေညာချက်ထုတ်ပြန်သည်။
ဒီမိုက​ရေစီနှင့် ​ရွေး​ကောက်ပွဲဆိုင်ရာအကူအညီ​ပေး​ရေး နိုင်ငံတကာအဖွဲ့အစည်း( International IDEA) ၊ လွတ်လပ်​​သော​ရွေး​ကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (ANFREL)နှင့် ကလပ်ဒီမက်ဒရစ်အသင်း (Club de Madrid)တို့က ပူးတွဲ​ကြေညာခြင်းဖြစ်သည်။
နိုင်ငံတကာ အသိုက်အဝန်းအ​နေဖြင့် တရားဝင်မှုမရှိသည့်​ရွေး​ကောက်ပွဲအတွက် စစ်​ကောင်စီအား မည်သည့် နည်းပညာ၊ အ​ထောက်အကူပစ္စည်း သို့မဟုတ် နိုင်ငံ​ရေးအရပံ့ပိုးမှု မ​ပေးရန်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင်ကျင်းပခဲ့သည့် ​ရွေး​ကောက်ပွဲရလဒ်ကို ကာကွယ်ရန်၊ မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီပြန်လည်ထူ​ထောင်ရန်၊ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကို အ​ကောင်အထည်​ဖော်ရန်၊ စစ်အုပ်စုကို အ​ရေးယူပိတ်ဆို့ရန်နှင့် အနာဂတ်ကာလတွင် စစ်မှန်သည့် ​ရွေး​ကောက်ပွဲများဖြစ်​ပေါ်လာ​စေရန် အ​ခြေခံအုတ်မြစ်များတည်​ဆောက်ရာတွင် မြန်မာ့ဒီမိုက​ရေစီညွန့်​ပေါင်းအဖွဲ့နှင့်အတူ​ဆောင်ရွက်ရန် ယင်းအဖွဲ့များက တောင်းဆိုတိုက်တွန်းသည်။
“စစ်မှန်သည့်​ရွေး​ကောက်ပွဲများသည် တရားဝင်မှုရှိ​သော အုပ်ချုပ်မှု၏ အ​ခြေခံအုတ်မြစ်ဖြစ်သည့် မြန်မာပြည်သူလူထု၏ ဆန္ဒကို လွတ်လွတ်လပ်လပ်​ဖော်ပြခွင့်​ပေး​သော၊ ပွင့်လင်းပြီး ယှဥ်ပြိုင်မှုရှိ​သော ပတ်ဝန်းကျင်တခုလိုအပ်သည်” ဟု ​ကြေညာချက်တွင် ဆိုသည်။
အာဏာသိမ်းပြီး​နောက် အတိုက်အခံနိုင်ငံ​ရေးပါတီများကို ပိတ်ပင်သည့် ပြင်းထန်​သောဥပ​ဒေ၊ နိုင်ငံ​ရေး​ခေါင်း​ဆောင်များနှင့် ဒီမိုက​ရေစီအ​ရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအကျဥ်းချခြင်း၊ သတင်းမီဒီယာများကို ပြင်းထန်စွာ ကန့်သတ်တားမြစ်ခြင်းနှင့် မဲစာရင်းအတွက် အ​ခြေခံအဖြစ် စစ်အုပ်စုက ​ကောက်ခံထားသည့် ယုံကြည်ဖွယ်ရာမရှိသည့် သန်း​​ခေါင်စာရင်း​ကောက်ယူမှုတို့အပါအဝင် လက်ရှိအ​ခြေအ​နေများ​အောက်တွင် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ​ရွေး​ကောက်ပွဲတခု ကျင်းပရန် မဖြစ်​ကြောင်းလည်း ​ပြောသည်။
ထို့ပြင် ဒီမိုက​ရေစီနည်းကျ ​ရွေး​ကောက်ပွဲများဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များ သို့မဟုတ် ​ရွေး​ကောက်ပွဲသမာသမတ်ကျမှုအတွက် ကတိကဝတ်များနှင့်အညီ ဖြစ်လာနိုင်ရန်လည်း မရှိဘဲ စစ်​ကောင်စီ၏ အဆိုပါလုပ်ငန်းစဥ်သည် တရားမဝင်အစိုးရတရပ်ကို အုတ်မြစ်ချပြီး တရားဝင်မှုရှိလာ​အောင် ကြိုးပမ်းမှုတခုထက် မပို​ကြောင်းလည်း ​ထောက်ပြသည်။
အဆိုပါ အတုအ​​ယောင်​ရွေး​ကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်း​ရေး၊ တည်ငြိမ်​ရေးကို ​ဆောင်ကြဥ်း​ပေးလိမ့်မည်မဟုတ်ဘဲ ယင်းအစား သ​​ဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာခြင်း၊ အင်အားသုံး တုံ့ပြန်မှုများ မြင့်တက်လာ​စေခြင်း၊ အာဏာရှင်အုပ်ချုပ်မှုကို ခိုင်မာ​စေခြင်းနှင့် စစ်အာဏာသိမ်းမှု​ကြောင့် ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခကို ပိုမိုဆိုးရွားလာ​စေခြင်းတို့ ဖြစ်​စေလိမ့်မည်ဟုလည်း ​ပူးတွဲ​ကြေညာချက်တွင် ​ဖော်ပြထားသည်။
​စစ်​ကောင်စီဘက်က ​ယခု ၂၀၂၅ ခုနှစ်အတွင်း ​ရွေး​ကောက်ပွဲပြုလုပ်​ပေးမည်ဖြစ်​ကြောင်း ​ပြောဆိုထားဖူးသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(ကာ၊လုံ) ခေါ်ပြီး ရွေးကောက်ပွဲနှင့် တည်ငြိမ်အေးချမ်းရေး အ​ကြောင်းပြချက်ဖြင့် အရေးပေါ်ကာလကို သက်တမ်းခြောက်လ ထပ်တိုးထားသည်။
လက်ရှိတွင် ​အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) အပါအဝင် ​​တော်လှန်​ရေးအင်အားစုများကလည်း စစ်​ကောင်စီ၏ ​ရွေး​ကောက်ပွဲကို လက်မခံ​ကြောင်း ​ပြောဆိုထားကြသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း – စစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်နှင့် စစ်​ကောင်စီထံ မှတ်ပုံတင်ထားသည့်ပါတီများမှ တာဝန်ရှိသူများ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်းက ​တွေ့ဆုံစဥ် (ဓါတ်ပုံ – CINCDS)။
#mizzima
#news