နိုင်ငံအနှံံ့ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ခေါင်းဆောင်က နိုင်ငံအဆောက်အဦများ ပျက်စီးခဲ့သည့်အတွက် ပြည်သူများ ဒုက္ခရောက်ကြရကြောင်းပြော
ဂျူချန်း
မဇ္ဈိမ။ ။ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ကိုယ့်အကျိုးစီးပွားထက် ပြည်ထောင်စုငြိမ်းချမ်းရေးကို တွေးမြင်လုပ်ဆောင်ရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အဆောက်အဦများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရကြောင်းပြောသည်။
စစ်မှုထမ်းဥပဒေအကြောင်းပြကာ နိုင်ငံအနှံ့မှ လူငယ်များပေါ်တာဆွဲခံနေစဥ် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းမြစ်များ အဓိပ္ပာယ်မဲ့ ပြုန်းတီးနေရ၍ နိုင်ငံအင်အား လျော့နည်းလာကြောင်းလည်း စစ်ခေါင်းဆောင်က ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ( ၇၈) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) တွင် ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်များကြောင့် နိုင်ငံအဆောက်အဦများ ပျက်စီးခဲ့ရသယောင် ပြောဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် နိုင်ငံအနှံ့စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်အဆောက်အဦ၊ စာသင်ကျောင်း၊ ဆေးရုံ နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများစွာ ထိခိုက်ပျက်စီးနေရကာ အရပ်သားထိခိုက်သေဆုံးမှုများလည်း မြင့်တက်လာကြောင်း လွတ်လပ်သည့် သုတေတနကောက်ယူသည့်အဖွဲ့များ၏ စာရင်းများက ညွှန်ပြနေသည်။
အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၈,၀၀၀ ကျော်ရှိခဲ့ရာ ယင်းအနက် ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၁,၇၀၀ ကျော်ဖြင့် အကြိမ်အရေအတွက် အများဆုံး ဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ ၂၀၂၄ အောက်တိုဘာလတွင် ထုတ်ပြန်သည့် စာတမ်းအရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ ခုနှစ်တွင် ဘာသာရေးအဆောက်အဦ ရှစ်ခု၊ စာသင်ကျောင်း ခုနစ်ခု၊ ဆေးရုံဆေးခန်း လေး ခု ပျက်စီးခဲ့ရကာ ၂၀၂၂ ခုနှစ်တွင် ဘာသာရေးအဆောက်အဦ ၂၀ခု ၊ စသင်ကျောင်း ၁၄ခု နှင့် ဆေးရုံဆေးခန်း ခုနစ် ခု ပျက်စီးခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင်မူ ဘာသာရေးအဆောက်အဦ ၁၀၉ ခု၊ စာသင်ကျောင်း ၅၅ ခု နှင့် ဆေးရုံဆေးခန်း ၁၇ ခုထိ တိုးမြင့်လာပြီး ၂၀၂၄ ခုနှစ် ရှစ်လအတွင်း ဘာသာရေးအဆောက်အဦ ၁၁၁ ခု၊စာသင်ကျောင်း ၆၆ ခု နှင့် ဆေးရုံဆေးခန်း ၂၇ ခုထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အရပ်သား ၁,၇၄၉ ဦး သေဆုံးခဲ့ရာ ၂,၄၅၃ ဦး ဒဏ်ရာ ရခဲ့ကြောင်းလည်း ဉာဏ်လင်းသစ် သုတေတန၏ စာတမ်းတွင် ပါရှိသည်။
စစ်ကောင်စီက ကျန်းမာရေး၊ ပညာရေး အဆောက်အဦများဖြစ်သည့် ဆေးရုံဆေးခန်း၊စာသင်ကြောင်း များကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ အာဏာသိမ်း လေးနှစ်တာအတွင်း စာသင်ကျောင်း ၂၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၃၄၀ ကျော် တိုက်ခိုက်ခံရပြီး ကျောင်းသားကျောင်းသူ၊ ဆရာဆရာမ ၂၅၀ ကျော်သေဆုံးကာ အသက် ၁၈ နှစ်အောက်ကလေး ၈၈ ဦးပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၃ ရက် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ နှင့် လေယာဉ် တပ်တော်ဝင် အခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ- စစ်ကောင်စီ)
#Mizzima
#ပြည်တွင်းသတင်း
#လေကြောင်းတိုက်ခိုက်မှု
#နိုင်ငံပိုင်အဆောက်အဦး
