တေးရေး နိုင်မြန်မာ ကွယ်လွန်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅
မြန်မာပြည်သူတွေ သီဆိုနေရဆဲဖြစ်တဲ့ “ကမ္ဘာမကြေဘူး” သီချင်းရဲ့ ပဲ့ကိုင်ရှင် တေးရေး နိုင်မြန်မာ ကွယ်လွန်…
ဖေဖော်ဝါရီ ၇၊ ၂၀၂၅
မြန်မာ့တော်လှန်ရေး လူထုအုံကြွမှုများ၌ သီဆိုဟစ်ကြွေးလေ့ရှိသည့် ‘ကမ္ဘာမကြေဘူး ‘ သီချင်းဖန်တီးသူ တေးရေးနိုင်မြန်မာသည် ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက် ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်ရာအသိုင်းအဝိုင်းထံက သိရသည်။
နိုင်မြန်မာကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ၎င်း၏ ချွေးမတော်စပ်သူ အဆိုတော်ဗျူဟာ၏ ဇနီး မခင်ချစ်ကြင်က “အိပ်မပျော်ဘူး ရင်ထဲမှာတမျိူးကြီးပဲမလို့ စာတောင် တင်လိုက်သေးတယ်။ အပါး ဦး(နိုင်မြန်မာ) ဒီမနက်မှာပဲ ကွန်လွန်ပါတယ် ငြိမ်းချမ်းသွားပါပြီ အပါး လွတ်လပ်သွားရ့ပါပြီ အပါးရေ” ဟု လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။
၎င်းသည် နှလုံးလေဟပ်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေများက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။
တေးရေးနိုင်မြန်မာသည် ကွယ်လွန်ချိန်တွင် (အသက် ၆၇ နှစ်)အရွယ်ရှိပြီဖြစ်သည်။ ၎င်းကွယ်လွန်ချိန်၌ ၎င်း၏ သားဖြစ်သူ အဆိုတော်ဗျူဟာသည် စစ်ကောင်စီမှ စွပ်စွဲထားသည့် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)တို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည်။
တေးရေးနိုင်မြန်မာသည် ကမ္ဘာမကြေဘူးသီချင်းနှင့်အတူ အခြားသော အောင်မြင်သည့် သီချင်းများဖြစ်သည့် တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ ဝါဆို စသည့်သီချင်းများကိုလည်း ရေးစပ်ခဲ့သူဖြစ်သည်။ တေးရေးနိုင်မြန်မာသည် ကိုယ်ပိုင်သံစဥ်သီချင်းပေါင်း ထောင်ဂဏန်းခန့်ရေးသားခဲ့သူဖြစ်သည်။ တေးရေးနိုင်မြန်မာ၏ နာရေးနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းအချက်အလက်များကို မဇ္ဈိမက စုံစမ်း၍ ဆက်လက်ဖော်ပြသွားပါမည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ကမ္ဘာမကြေဘူး တော်လှန်ရေး သီချင်း ရေးသားခဲ့သည့် တေးရေးနိုင်မြန်မာ
တေးရေးဆရာ နိုင်မြန်မာ ယနေ့ နံနက် ၈ နာရီကျော်၌ အမောဖောက်၍ နှလုံးလေဟပ်ကာ ကွယ်လွန်သွားကြောင်း ဇနီးဖြစ်သူက ဧရာဝတီကို ပြောသည်။
တေးရေးနိုင်မြန်မာ၏ ဇနီးဖြစ်သူက “မနက် ၅ နာရီလောက်က အမောဖောက်တာပေါ့။ မောလာတော့ ကျမကိုနှိုးတယ်။ သူက ဆေးလိပ်ဖြတ်ထားတာဆိုတော့ ဆေးလိပ်ဖြတ်လို့ မောလာတာလား၊ မဟုတ်ဘူး၊ နှလုံးထင်တယ်တဲ့။ သကြားရည်နဲ့ ရေနွေးလေးတိုက်ပြီး သက်သာသွားသေးတယ်။ မနက် ၈ နာရီကျော်လောက်မှာ အိမ်သာထဲမှာလဲကျနေပြီ။ အဲဒီတုန်းက အသက်ပါသေးတယ်။ တဖြည်းဖြည်းချင်း အသက်ထွက်သွားတာပေါ့။ ၈ နာရီ ၄၅ လောက်မှာ။ ဆရာဝန်ကတော့ အာရုံကြောထိပြီး နှလုံးလေဟပ်တာလို့ ပြောတာပါပဲ” ဟု ဆိုသည်။
“တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးရသလိုပဲ ခံစားရပါတယ်” ဟု ဂီတမှူး နိုင်ဇော်ကလည်း ဝမ်းနည်းစကားဆိုထားသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီဖြစ်ပြီး ယခင်က တီဘီရောဂါ ဖြစ်ခဲ့ဖူးကြောင်း၊ နာရေးအစီအစဉ် အသေးစိတ်ကို မိသားစုများနှင့် တိုင်ပင်ကာ စီစဉ်နေကြောင်း သိရသည်။
တေးရေးဆရာ နိုင်မြန်မာသည် ရှစ်လေးလုံးအရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့်အပြင် ရှစ်လေးလုံးအရေးတော်ပုံ၏ အနှစ်သာရသီချင်း ဖြစ်လာခဲ့သော “ကမ္ဘာမကြေဘူး” သီချင်းကို ရေးဖွဲ့ခဲ့သူ ဖြစ်သည်။
တေးရေး နိုင်မြန်မာ၏ ထင်ရှားသော သီချင်းများအနက် အဆိုတော် ကိုင်ဇာ၏ ဆေးရောင်စုံ မြင်ကွင်းကျယ်၊ စိုးလွင်လွင်၏ ချစ်လူမိုက်၊ လွှမ်းမိုး၏ အခုတော့ ပါးစပ်ရာဇဝင်လေးတခု ဖြစ်ခဲ့ပြီ စသည့်သီချင်းများမှာ လူကြိုက်များကျော်ကြားသည်။
၎င်း၏သားဖြစ်သူ အဆိုတော် ဗျူဟာသည် လျှပ်စစ်မီး ပုံမှန်မရရှိသည့်ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဌာနအား ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သာကြောင့် ၂၀၂၃ မေ ၂၄ ရက်၌ ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup