ဘုန်းကြီးကျောင်းပိုင်ကားက လူ ၄ ဦးကို တိုက်မိ၊ ၂ ဦးသေဆုံးပြီး ယာဥ်မောင်းတိမ်းရှောင်
ရောင်နီ
(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ဘုန်းကြီးကျောင်းပိုင်ကားက လူလေးဦးကို တိုက်မိသည့်ဖြစ်စဥ်တွင် ယာဥ်မောင်းမှာထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး တိုက်ခံရသူများအနက် နှစ်ဦးမှာသေဆုံးသွားကြောင်း ဘုန်းကြီးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းပေါ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်၊ ည ၈နာရီခွဲခန့်က ၄၆ လမ်းဆုံမှ မြောက်ဥက္ကလာဘက်သို့မောင်းနှင်လာသည့် BYD Tang အမျိုးအစား မော်တော်ယာဉ်သည် လမ်းတလျောက်ရှိ လူလေးဦးကို ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
ထိုယာဥ်တိုက်မှုဖြစ်စဥ်တွင် တဦးမှာ နေရာ၌ပင် သေဆုံးပြီး နောက်တဦးမှာ ဆေးရုံအရောက်တွင် သေဆုံးကာ ကျန်နှစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းထံက သိရသည်။
“မနေ့က ယာဉ်တိုက်မှုကြောင့် ဆုံးသွားသူ နှစ်ဦးထဲက တဦးကိုတော့ ဒီနေ့ မနက် ရေခဲတိုက်ပို့လိုက်ပြီ။ ကျန်တဦးကတော့ လက်ရှိအထိ ပိုင်ရှင်မပေါ်သေးပါဘူး” ဟု ၀န်းရံမှူးလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် နေရာတွင် ကျန်ရှိခဲ့သည့် မော်တော်ယာဉ် နံပါတ်ပြားအရ ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် မော်တော်ယာဉ်သည် လှည်းကူးမြို့နယ်ရှိ ၁၈ မိုင်တောရ ဘုန်းကြီးကျောင်းမှကားဖြစ်သည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဘုန်းကြီးကျောင်းနှင့် နီးစပ်သူက ဆိုသည်။
“ ဖြစ်တာကတော့ ညကတည်းကပေမယ့် မနက်မှ သိရတာ။ မောင်းတဲ့သူက သာမန်လူပါ။ လောလောဆယ် ယာဉ်မောင်းက ရန်ကုန်တနေရာမှာ ကားကို ရပ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေတယ်။ ကားကိုတော့ ရဲစခန်းက သိမ်းထားတယ်။ မောင်းတဲ့သူနဲ့တော့ လောလောဆယ်အထိ အဆက်အသွယ်မရသေးဘူး။ ” ဟု ပြောသည်။
လက်ရှိတွင် ယာဉ်တိုက်မှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
“ ကားက ကျောင်းနဲ့ သက်ဆိုင်နေလို့ ဘုန်းဘုန်းက လိုက်ပြီးတော့ နစ်နာသူတွေနဲ့ တွေ့ဆုံနေတယ်။ ၁၈ မိုင်တောရ ဘုန်းကြီးကျောင်းမှာကလည်း တရားစခန်းလုပ်နေတာရှိတော့ တခြားဘုန်းကြီးတွေလည်း စိတ်မကောင်းဖြစ်နေကြတယ်။” ဟု ဘုန်းကြီးကျောင်းနှင့် နီးစပ်သူက ဆက်ပြောသည်။
အလားတူ ယမန်နေ့ည ၁၁ နာရီဝန်းကျင်၌လည်း မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်တွင်ပင် လမ်းလျောက်နေသည့် အမျိုုးသားတဦးကို အဌားယာဉ် ဝင်တိုက်ရာမှ သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း – မြောက်ဒဂုံမြို့နယ်တွင်ယမန်နေ့ညပိုင်းက လူလေးဦးကို BYD Tang အမျိုးအစား မော်တော်ယာဉ်က ဝင်တိုက်ရာ နှစ်ဦး သေဆုံးခဲ့သည်။ လက်ရှိတွှင် မော်တော်ယာဉ်ကို သိမ်းဆည်းရမိထားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်သည်။ (ပုံ- ၀န်းရံမှူးလူမှုကူညီရေးအသင်း)
#Mizzima