မန္တလေးတွင် စည်ပင်၊ ထွေ/အုပ် ၊ မီးသတ် အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများ စစ်သင်တန်းတက်နေရ

by

in

မန္တလေးတွင် စည်ပင်၊ ထွေ/အုပ် ၊ မီးသတ် အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများ စစ်သင်တန်းတက်နေရ
ရန်ကုန်၊ ​ဩဂုတ် ၂၃

မန္တလေးတွင် စည်ပင်၊ ထွေ/အုပ် ၊ မီးသတ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ စစ်သင်တန်းတက်နေရကြောင်း ဝန်ထမ်းသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ဝန်ကြီးဌာနဆိုင်ရာရုံးများမှ ရွေးချယ်ခံရသော Non-CDM ဝန်ထမ်းတချို့သည် အခြားသော ပျူစောထီးများနှင့်အတူ စစ် သင်တန်းတက်ရောက်နေရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများကို သီးသန့် စစ်သင်တန်းပေးခြင်းမဟုတ်ဘဲ ပျူစောထီးများနှင့်အတူ ပစ်ခတ်မှု စစ်သင်တန်းများ တက်ရောက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဟုတ်တယ်။ အမျိုးသားဝန်ထမ်းတွေ စစ်သင်တန်း အသုတ်လိုက်ခွဲပြီး တက်နေရတယ်။ တက်ပြီးရင် ကိုယ့်ဌာနကိုယ် ပြန်လို့ ရမှာလား၊ မရဘူးလားတော့မသိရသေးဘူး” ဟု မန္တလေးမှ စစ်သင်တန်းတက်ရောက်နေရသော ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
ထို့ပြင် မန္တလေးမြို့ပေါ်တွင်လည်း လူငယ်များအနေဖြင့် လစဉ် ဖွင့်လှစ်နေသော စစ်မှုထမ်းသင်တန်းတက်ရောက်ရန် မဖြစ်မနေ ဆင့်ခေါ်မှုများရှိပြီး မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်တချို့တွင် လူကြီးနှင့်လူငယ်မရွေး ဆင့်ခေါ်ပြီး စစ်သင်တန်းများ တက်ရောက်ခိုင်းနေကြောင်း ရပ်ကွက်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆင့်ခေါ် ဖိအားပေးနေကြောင်း သိရှိရသည်။
“အသက် ၃၅ နှစ်အောက်ဆိုရင် လစဉ် စစ်မှုထမ်း သင်တန်းသွားရမယ်ပြောတယ်။ အသက် ၃၆ နှစ်အထက်ကနေ အသက် ၆၀ အထိ အမျိုးသားတွေဆိုရင် ပြည်သူ့စစ်သင်တန်း တက်ရမယ်လို့ပြောတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် စစ်သားသစ်စု ဆောင်း ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရှိရသည်။