ထီးချိုင့်မြို့အဝင် အရေးပါဆုံး မြတောင်ရွာစစ်စခန်းများကို KIA၊PDFပူးပေါင်းတပ် သိမ်းပိုက်

by

in

ထီးချိုင့်မြို့အဝင် အရေးပါဆုံး မြတောင်ရွာစစ်စခန်းများကို KIA၊PDFပူးပေါင်းတပ် သိမ်းပိုက်
သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်သာခြား​သော မြတောင်ရွာမှ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့( သြဂုတ် ၂၂) ညနေတွင် သိမ်းပိုက်လိုက်ပြီး အလံဖြူထောင်လက်နက်ချသူများနှင့် စစ်သုံ့ပန်းများပါ ဖမ်းမိထားသည်။
“မြတောင်စခန်းတွေ အကုန်ရပါပြီ။အလံဖြူထောင်တာတွေရော သုံ့ပန်းတွေရော ရသလို ထွက်ပြေးနေသူတွေလည်း ရှိတယ်။ စစ်ကောင်စီ စခန်းက တံတားနဲ့မြို့ထဲမှာပဲ ကျန်တော့တယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြတောင်ရွာသည် ထီးချိုင့်မြို့ပေါ်နှင့် ဧရာဝတီမြစ်ခြားလျှက်ရှိပြီး မြို့တွင်းသို့ မန္တလေးတိုင်းဘက်မှဝင်ရောက်သည့် အဓိကလမ်းဆုံဖြစ်ကာထီးချိုင့်မြို့ မကျရန် စစ်​အုပ်စုက ခုခံ​နေ​သော အဓိကခံစစ်စခန်းများလည်းဖြစ်သည်။ စစ်ကောင်စီတပ်က ဘန်ကာများဖြင့် စခန်းငါးခုထက်မနည်း ဖွင့်ထားပြီး အခိုင်အမာ ခံစစ်ပြင်ထားသည့်နေရာဖြစ်သည်။
“ရဲဘော်တစ်ချို့ ထိခိုက်တာရှိပါတယ်။ မြတောင်စခန်းသိမ်းတိုက်ပွဲက ကြီးပါတယ်။ မြို့ထဲဆုတ်သွားတဲ့အဖွဲ့ကို ဆက်တိုက်မှာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ထိုစခန်းများကိုKIA၊PDFပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၂၀ရက်တွင် စတင်ထိုးစစ်ဆင်တိုက်
ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၁ရက်၌ စခန်းသုံးခုစတင် သိမ်းယူနိုင်ခဲ့သည်။ ​တော်လှန်​ရေးတပ်များက ထီချိုင့်မြို့သိမ်းတိုက်ပွဲ တိုက်​တော့ဟုသတင်းများထွက်လာပြီး​နောက်စစ်ကောင်စီတပ်က
လေကြောင်းမှအပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သုံးရက်အတွင်း ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံးဆယ်လုံးထက်မနည်းနှင့် Y12 လေယာဉ်ဖြင့် ဗုံး အလုံးရေ ၁၅၀ ခန့်အထိ ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းမြစ်အချို့ထံမှသိရသည်။
သြဂုတ် ၂၂ ရက်နေ့ညနေပိုင်းတွင်လည်း မြ​တောင်ရွာရှိ စခန်းအားလုံးသိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြသိန်းတန်တောင်ပေါ် စခန်းနှင့် ထီးချိူင့်တံတား၌
ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) ၊အာရက္ခ‌
တပ်‌​တော်(AA)၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့်၂၀၂၃ နိုဝင်ဘာ ၈ရက်မှစတင်ကာ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက မြို့ကိုလေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများထပ်မံဖြည့်တင်း၍ ​တော်လှန်​ရေးတပ်များက ပြန်လည်ဆုတ်ခွာပေးခဲ့သည်။ ထို​နောက်စစ်​ကောင်စီတပ်က ထီးချိုင့်တမြို့ကိုဆက်တိုက်မီးရှို့ခဲ့ပြီး စစ်တပ်က​လေ​ကြောင်းမှဗုံးကြဲ ​မြေပြင်ကွင်းဆင်းမီးရှို့မှု​ကြောင့် ထီးချိုင့်တမြို့လုံးနီးပါးပျက်စီး​နေသည်။​ဒေသခံပြည်သူများမှလည်း တိုက်ပွဲများ စ​သော ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ထွက်​ပြေး​နေကြသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းက ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကာ သိမ်းပိုက်လိုက်ပြီး ယင်းနေရာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုလည်း PDF ကထိန်းချုပ်ခဲ့သည်။မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ရက်တွင်ထုတ်
ပြန်သည်။မြို့ပေါ်မှ ဒေသခံများသည် အနီးဝန်းကျင်ကျေးရွာများနှင့် မြို့အချို့၌ တိမ်းရှောင်နေရဆဲဖြစ်သည်။
KIA ၊ PDF ပူး​ပေါင်းတပ်များမှ ထီးချိုင့်မြို့ အပြင် ပင်လည်ဘူး၊အင်း​တော် ၊ဟုမ္မလင်း ၊ နဘား ၊ကန့်ဘလူ စ​သောမြို့များရှိစစ်တပ်စခန်းများကိုတချိန်တည်းတွင် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။