ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ်မှ ထပ်မံ တိုးမြှင့် အရေးယူ မခံရရေး ရာပြည့် ဦးဆောင် ကြိုးပမ်းနေ

by

in

ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ်မှ ထပ်မံ တိုးမြှင့် အရေးယူ မခံရရေး ရာပြည့် ဦးဆောင် ကြိုးပမ်းနေ
ရန်ကုန်၊ ဩဂုတ် ၂၃

ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသော အမည်ပျက်နိုင်ငံအဖြစ်မှ လာမည့် အောက်တိုဘာတွင် ထပ်မံတိုးမြှင့်အရေးယူမခံရရေး စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ရာပြည့်က ဦးဆောင် ကြိုး ပမ်းနေကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီး ရာပြည့် ဦးဆောင်သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဩဂုတ်လ ၂၁ ရက်နေ့ နေပြည်တော်တွင် အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က ၂၀၂၂ ခုနှစ်ကတည်းက ထည့်သွင်းထားကြောင်း၊ ယခုနှစ် ဇွန်လ ၂၈ ရက်နေ့ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း လုပ်ဆောင်ပေးခဲ့ခြင်းမရှိကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက် နိုင်ခြင်းမရှိပါက FATF က တိုးမြှင့်အရေးယူရန် လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောဆိုခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးအမည်ပျက်နိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရေးနှင့် ထပ်မံ တိုးမြှင့် အရေးယူဆောင်ရွက်မှု မခံရရေးအတွက် လိုအပ်သော ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ FATF အစည်းအဝေး မတိုင်မီ အမြန်ဆုံးဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် က တိုက်တွန်းပြောဆိုသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး ခေါ် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ် အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ် ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် FATF ဥက္ကဋ္ဌ T. Raja Kuma က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဘဏ်များက စစ်တပ်အတွက် စစ်လက်နက်များ ဝယ်ယူရေး နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှား ရှောင်လွဲနေသည့်အပေါ် ကုလသမဂ္ဂ၏ အစီရင်ခံစာများ ထွက်ရှိနေခြင်း၊ စစ်လက်နက်များ ဝယ်ယူရန် ငွေကြေးခဝါချမှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် FATF က အမည်ပျက်စာရင်းကြေညာထားရာမှ အဆုံးစွန် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ ထပ်မံ တိုးမြှင့် လုပ်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အလွန်အမင်း စိုးရိမ်နေကြောင်း သိရှိရသည်။
၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာ ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည် ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများ ရှိလာခဲ့ကြောင်း၊ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့မှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက် ခွာခြင်းနှင့် ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန် မဖြစ်နိုင်တော့သည့်အခြေ အနေများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။