ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်းများစွာ တူးနေ

by

in

ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်းများစွာ တူးနေ
ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ပြင်ဦးလွင်ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှစတင်၍ ပြင်ဦးလွင်မြို့နယ်၊ ဒီဇင်ဘာခြံအနီးတစ်၀ိုက်တွင် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း၊ ယင်းနောက် ယမန်နေ့ည ၁၀ နာရီ ၂၃ မိနစ်တွင်လည်း လက် နက်ကြီးသံ ထပ်မံ ကြားရကြောင်း၊ ည ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် လေယာဉ်ပျံသံများ ထပ်မံကြားရကြောင်း၊ ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် လက်နက်ကြီးသံတစ်ချက်၊ ည ၁၁ နာရီ ၁၈ မိနစ်နှင့် ည ၁၁ နာရီ ၃၉ မိနစ်အချိန်တို့တွင် လက်နက်ကြီးသံများ ထပ်မံ ပေါ်ထွက်ခဲ့ကြောင်း သိရှိရသည်။
“လက်နက်ကြီးတွေက မနေ့ညက တောက်လျှောက်ပဲ။ လက်နက်ကြီးသံတွေကြောင့် အိမ်တွေတောင်တုန်တယ်။ စစ်တပ်က ပစ်ခတ်တာလို့ပြောတယ်။ TNLA တွေ ရှိနိုင်တယ်ဆိုပြီး ယူဆတဲ့ ဘက်တွေကို ပစ်တာလို့ ပြောတယ်။ လေယာဉ်တွေနဲ့လည်း ကင်းထောက်တယ်” ဟု ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ပြင်ဦးလွင်မြို့ပြင်ရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် စစ်ကောင်စီတပ်များက ကတုတ်ကျင်းများတူးနေပြီး ဒေသပြည်သူများကိုလည်း လုပ် အား ပေးအဖြစ် အတင်းအဓမ္မ စေခိုင်းမှုများရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြင်ဦးလွင် မြို့ပြင်တစ်လျှောက် ကျေးရွာတချို့တွင် စစ်ကောင်စီတပ်များက တူးနေသော ကတုတ်ကျင်းများအနက်မှ တစ်ခု။