စစ်ကောင်စီက ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေ

by

in

စစ်ကောင်စီက ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေ

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက် စစ်ကောင်စီက ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် လူငယ် အမျိုး သားနှင့် အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေကြောင်း လေဆိပ်တာဝန်ကျ လ၀က ဝန်ထမ်းတချို့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့ပြီးနောက် ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်မည့်သူများကို လေဆိပ်တွင် တားဆီးမှုများ များပြားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အရမ်းချမ်းသာတဲ့နိုင်ငံတွေဖြစ်တော့ မြန်မာဘက်ကသွားတဲ့သူတွေ အားလုံး PV နဲ့ အလုပ်လုပ်ဖို့ သွားကြတာများတယ်။ အဲဒါကြောင့် လေဆိပ်မှာ အတားခံရတာ။ တော်တော်များများက လေယာဉ်သွားတစ်ကြောင်းတည်း လက်မှတ် ဖြတ်ထားတယ်။ ဒူဘိုင်းမှာ တည်းမယ့် ဟိုတယ်ဘိုကင် မပြနိုင်ဘူး။ Show Money တော့ ပြကြတာများတယ်။ အဲဒါကြောင့် သက်မှတ်ချက် မပြည့်စုံလို့ ပြန်လွှတ်ခံရတာများတယ်။ ဒူဘိုင်းသွားမယ့် လူ ၁၀၀ မှာ ၆၀ လောက် လေဆိပ်ကနေ ပြန်လွှတ်ပါတယ်။ လေယာဉ်ပေါ် အတက်မခံဘူး” ဟု ရန်ကုန်လေဆိပ်တာဝန်ကျ လူဝင်ကြီးကြပ်ရေးအဖွဲ့ နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်လေဆိပ်တွင် ပြည်ပ ထွက်ခွာမည့်သူအားလုံးကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့က မေးမြန်းသော မေးခွန်းများမှာ- “ဘယ်သွားမှာလဲ။ ဘာသွားလုပ်မှာလဲ၊ အပြန်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money ပြပါ၊ ပထမဆုံးအကြိမ်လား၊ ပြန်လာမှာလား “စသည့် မေးခွန်းများကို အဓိက ထားမေးမြန်းပြီး သတ်မှတ်မေးခွန်းများကို မဖြေဆိုနိုင်ပါက လေဆိပ်မှပင် လှည့်ပြန်ရန် စေခိုင်းကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၄၀ နှစ်အောက် ပထမဆုံးအကြိမ် နိုင်ငံခြား ပြည်ပသို့ ထွက်ခွာမည့်သူများကိုလည်း အထူးတင်းကျပ်စိစစ်လျက်ရှိပြီး ကြိုတင် လျှောက်လွှာတင်ခိုင်းမှုများရှိနေကြောင်း၊ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူ မဟုတ်ကြောင်းနှင့် စစ်မှုထမ်းရမည်ဆိုပါက ပြန်လာပါမည်ဆိုသော အာမခံမည့်သူကိုပါ တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။