◾ရန်ကုန်မှာ ပြည်သူ့စစ် ဖွဲ့ဖို့ စစ်ကောင်စီစတင်လုပ်ဆောင် ◾တစ်ရပ်ကွက် ၁၃ ဦး၊ တစ်မြို့နယ် လူ ၂၀၀ ခန့်နဲ့ဖွဲ့မယ်

by

in

◾ရန်ကုန်မှာ ပြည်သူ့စစ် ဖွဲ့ဖို့ စစ်ကောင်စီစတင်လုပ်ဆောင်
◾တစ်ရပ်ကွက် ၁၃ ဦး၊ တစ်မြို့နယ် လူ ၂၀၀ ခန့်နဲ့ဖွဲ့မယ်
CJ Platform

အင်အားချိနဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဖို့ စတင်အကောင်ထည်ဖော်လာပြီလို့ သိရပါတယ်။
ပြည်သူတွေရဲ့လုံခြုံရေးအတွက်ဆိုကာ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ အစည်းအဝေးခေါ်ယူ ပြောဆိုတယ်လို့ CJ Platform ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီနေ့ပဲ အစည်းအဝေးခေါ်တယ်။ အုပ်ချုပ်ရေးမှူးပြောစကားအရတော့ မြို့နယ်လုံခြုံရေးအရဆိုပြီး ရပ်ကွက်ထဲက လူတွေနဲ့ အဖွဲ့ဖွဲ့ပြီး လုံခြုံရေးယူရမှာ” လို့ ၎င်းက ပြောပါတယ်။
ရပ်ကွက်တစ်ခုကို လူ ၁၃ ဦးနဲ့အထက် ကောက်ယူပြီး မြို့နယ်အဆင့် လူ ၁၅၀ ကနေ ၂၀၀ အထိ ရအောင်ရှာပေးရမယ့်အကြောင်းလည်း ပြောဆိုခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“အပေါ်ကနေ အမျိုးမျိုးကို ခိုင်းနေတာ။ မရရအောင်ရှာခိုင်းတယ်။ ဝင်တဲ့လူတွေကို ထောက်ပံ့ကြေးရမယ်ဆိုပြီး စည်းရုံးခိုင်းတယ်။ လူမပြည့်ရင် ပြည့်အောင်လုပ်ဆိုတာမျိုးကျ သူတို့ပြောသလိုလွယ်မနေဘူးလေ။ မြို့နယ်ကြီးပြီး ရပ်ကွက်များတဲ့မြို့နယ်တွေကတော့ ရှာရလွယ်တာပေါ့” လို့ ၎င်းက ပြောပါတယ်။
မြို့နယ်အဆင့်လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို တစ်လသင်တန်းပေးအပ်ပြီး လက်နက်တပ်ဆင်ပေးမယ်လို့ သိရပါတယ်။
၎င်းတို့ကို လစဉ် လစာသဘောမျိုး ထောက်ပံ့ကြေး ကျပ်နှစ်သိန်းပေးမယ်လို့ အစည်းအဝေးမှာ မက်လုံးပေးထည့်သွင်းပြောဆိုခဲ့တယ်လို့ CJ Platform ရဲ့ အုပ်ချုပ်ရေးပိုင်း သတင်းရင်းမြစ်အပြောအရ သိရပါတယ်။
မြို့နယ်အတွင်း ကင်းလှည့်မှုတွေနဲ့ တခြားကိစ္စရပ်တွေမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အားအသုံးပြုမှုကို လျှော့ချပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို အစားထိုးအသုံးပြုမှာဖြစ်တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတာကြောင့် စစ်အင်အား မလုံလောက်တဲ့အတွက် အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖိအားပေးပြီး လက်နက်တပ်ဆင်ပေးကာ သူတို့လက်အောက် ဆွဲသွင်းပြီးနောက် စစ်သားအစားထိုးအသုံးပြုဖို့ စီစဉ်နေတာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ကြပါတယ်။
🖋သုတ
ဓာတ်ပုံ – လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #ပြည်သူ့စစ်