တာချီလိတ်မြို့အတွက် ထိုင်းဘက်မှ လျှပ်စစ်မီး ဖြတ်တောက်လိုက်ပါက လာအိုလျှပ်စစ်မီးကို အစားထိုး အသုံးပြုနိုင်ရန် မြို့မီးလင်းရေးက စီစဉ်ထား
* * * * * *
မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မြဝတီ အပါအဝင် ဒေသ(၅)ဒေသကို တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကြောင့် ဟုဆိုကာ ထိုင်းအစိုးရက လျှပ်စစ်မီး ပြန်လည်ဖြတ်တောက်မည် ဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညနေ့ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ပါက တာချီလိတ်ဒေသအတွင်း လာအိုလျှပ်စစ်မီးဖြင့် အစားထိုး ဖြန့်ဝေ ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်းဘက်က လျှပ်စစ်မီး မမျှော်လင့်ဘဲ ဖြတ်တောက်လိုက်၍ အချိန်ကြန့်ကြာလာပါက လာအိုလျှပ်စစ်မီးကို မြို့တွင်း ဖြန့်ချိပေးနိုင်ရန်အတွက် စီစဉ်ထားပြီးဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မတော်တဆဖြစ်ခဲ့ရင် အချိန်ကြန့်ကြာမှုတခုအပေါ် အမြန်ဆုံး လာအိုမီးကို ဖြန့်ချက်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ကနဦးထဲက မျှော်လင့်မထားတဲ့ ကိစ္စဖြစ်လာခဲ့ရင် ဘယ်လို ဖြန့်ချက်သွားမယ်ဆိုတာကို ကြိုတင်တွက်ဆ စီစဉ်ထားပါတယ်။ ဒါကြောင့်လည်း ဓါတ်အားလိုင်းသစ်တွေ ကြိုတင်ဆောက်လုပ်ထားပါတယ်။ မနက်ဖြန်အတွက်လည်း အားလုံးအဆင်သင့် ဖြစ်ပါပြီ။”ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ရုံးမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၄)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က ပြောသည်။
မြန်မာ – လာအို – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့တွင် ထိုင်းလျှပ်စစ်မီး နှင့် လာအိုလျှပ်စစ်မီးကို အသုံးပြုနေသလို တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင်လည်း လျှပ်စစ်မီးကို အသုံးပြုနေခြင်း ဖြစ်သည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ထိုင်းအစိုးရက နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို တစ်နာရီခွဲအကြာ ပြုလုပ်ပြီး နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
လျှပ်စစ်မီး ဖြတ်တောက်မည့် ကိစ္စကို ထိုင်းအစိုးရက မြန်မာဘက် သက်ဆိုင်ရာများသို့ အသိပေး အကြောင်းကြားထားပြီးပြီဖြစ်ကြောင်း ပြောကြားထားသော်လည်း ည(၁၁)နာရီကျော်အချိန်မှ ထိုင်းဘက်က အသိပေးအကြောင်းကြားလာခြင်း ဖြစ်ကြောင်းတာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီထံက သိရသည်။
တာချီလိတ်မြို့အနေဖြင့် လျှပ်စစ်မီးအခက်အခဲကို တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက လာအိုလျှပ်စစ်မီးဖြင့် အစားထိုးသွားရန် စီစဉ်ထားပြီးဖြစ်သော်လည်း စက်သုံးဆီကိုလည်း ထိုင်းဘက်က တင်ပို့မှု ရပ်ဆိုင်းပါက တာချီလိတ်မြို့နယ် စက်သုံးဆီပန့်လုပ်ငန်းရှင်များအသင်းအနေဖြင့် မည်သို့ စီစဉ်မည်ကိုတော့ မသိရသေးပေ။
မြန်မာမှ နေရာ ၅ ခုကို ထိုင်းက လျှပ်စစ်မီး စတင်ဖြတ်
ရွှေနွယ်
မဇ္ဈိမ။ ။ ထိုင်း−မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များမှ နေရာ ငါးခုကို ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းမီဒီယာများနှင့်အတူ ဒေသခံများထံမှ သိရသည်။
ထိုင်း−မြန်မာနယ်စပ်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသို့ ပံ့ပိုးပေးနေသည်ဟု ယူဆရသည့် နေရာ ငါးခုကို လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့(ဇန်နဝါရီ ၄ ရက်) က ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ထုတ်ပြန်လာပြီးနောက် ယနေ့တွင် လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ တဆင့် လျှပ်စစ်မီးပေးနေသာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှပေးနေသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် – ၂ (မြဝတီ)၊ ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ပေးနေသော ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့၊ Allure Group (P&E) မှပေးနေသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတား( တာချီလိတ်) တို့ကို လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။
“မီးဖြတ်ရုံနဲ့ ဘယ်ကရပ်မလဲ။ သူတို့မှာ မီးစက်တွေက အပြည့်အစုံပဲ၊ ဒီကာစီနိုတွေရပ်ဖို့ မစဥ်းစားနဲ့မရပ်ဘူး။ ဘယ်တော့မှလည်းမရပ်ဘူး။ စက်သုံးဆီကို ထိုင်းဘက်က ယူနေတာ။ တချို့နေရာတွေ တချို့ တိုးဂိတ်တွေမှာ ပိုက်ကြီးတွေနဲ့ကို ချထားတာ။ ကိုးသုံးလုံးဂိတ်တို့ ဘာတို့မှာ ကားပေါ်ပိုက်ထိုး(လောင်စာဆီ)ပြီးတော့ သယ်နေတာ” ဟု မြဝတီမြို့ဒေသခံက ပြောသည်။
မြဝတီမြို့ပေါ်ရပ်ကွက်အများစုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလက မြဝတီမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ချိန်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်နေကြခြင်းဖြစ်ပြီး ဆိုလာနှင့် မီးစက်များကို အဓိကထားသုံးစွဲခဲ့ကြခြင်းဟု ဆိုသည်။
သို့သော် မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများ၊ ချစ်ကြည်ရေးတံတားများ၊ ဆေးရုံများနှင့် မြို့တွင်းလမ်းများ၌ အသုံးပြုနေသောမီးပွိုင့်များမှာမူ ထိုင်းနိုင်ငံမှ ရရှိသော လျှပ်စစ်မီးကိုအသုံးပြုနေကြခြင်းဖြစ်ကြောင်း မြဝတီမြို့ခံကပြောသည်။
ယနေ့ နံနက် ထိုင်းဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အတွက် မြဝတီရှိ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်တန့်သွားသောကြောင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်ရရှိရေး အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
မြဝတီမြို့၌ လည်ပတ်နေသည့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ကာစီနိုရုံများသည် လျှပ်စစ်မီးဖြတ်တောက်ရုံဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ၎င်းတို့၏ မီးစက်များမလည်ပတ်နိုင်အောင် လောင်စာဆီဖြတ်တောက်မှသာ ထိခိုက်မှု ရှိလာမည်ဟု ယူဆကြောင်းလည်း ၎င်းကပြောသည်။
သို့သော် ထိုသို့ လောင်စာဆီဖြတ်တောက်ပါကလည်း ထိုင်းဘက်မှလာသည့် လောင်စာဆီကိုသာ မှီခိုနေရသော မြဝတီမြို့ခံများ၌ပါ ထိခိုက်မှုများရှိလာမည်ကို စိုးရိမ်မိကြောင်း ဆိုသည်။
ထို့အတူ တာချီလိတ်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးသွယ်ယူထားသည့် ရပ်ကွက်အချို့၌လည်း ယနေ့ နံနက်ပိုင်း၌ မီးပြတ်တောက်သွားကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့်အတူ လာအိုနိုင်ငံဘက်မှလည်း လျှပ်စစ်မီးဝယ်ယူထားသောကြောင့် လာအိုလျှပ်စစ်မီးဖြင့် လည်ပတ်နေသည့် ရပ်ကွက်များမှာ မီးပြတ်တောက်ခြင်းမရှိကြောင်း သိရသည်။
ထိုင်းဘက်ခြမ်းမှ လျှပ်စစ်မီးဖြင့် လည်ပတ်နေသော မြို့ပေါ်ရပ်ကွက်တခုမှ ဒေသခံတဦးကမူ ယနေ့ နံနက်တွင် မီးပြတ်သွားသော်လည်း လာအိုဘက်မှ မီးလိုင်းဖြင့် ချိတ်ဆက်ကာ မွန်းလွဲပိုင်းတွင် မီးပြန်လာမည်ဟု သိရကြောင်းပြောသည်။
“အမလည်း မနက်က မီးပြတ်သွားတော့ ဘာလို့များလဲဆိုပြီး မီးရုံးကိုဖုန်းဆက်မေးတာ နေ့ခင်း ၁၂ နာရီလောက်ပြန်လာမယ်ပြောတယ်။ အမတို့ ရပ်ကွက်က ထိုင်းဘက်ကယူတာ” ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတဦးကပြောသည်။
ထို့ကြောင့် ထိုင်းဘက်ခြမ်းမှ လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း လာအိုနိုင်ငံဘက်မှ ရရှိသည့် လျှပ်စစ်မီးဖြင့် တာချီလိတ်မြို့၌ လျှပ်စစ်မီးဆက်လက်ရရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် Provincial Electricity Authority (PEA) သည် မြန်မာနိုင်ငံဘက်ခြမ်းမှ တာချီလတ်၊ ဘုရားသုံးဆူနှင့် မြဝတီဒေသများသို့ လျှပ်စစ်မီး တင်ပို့ရောင်းချနေသည်မှ ဆယ်စုနှစ် တခုခန့်ကြာမြင့်နေပြီဖြစ်သည်။ အဆိုပါ လျှပ်စစ်ရောင်းချမှုမှတဆင့် ထိုင်းနိုင်ငံသည် တနှစ်လျှင် ဘတ်ငွေ သန်း ၈၀၀ ခန့် အကျိုးစီးပွားရရှိနေခြင်းဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း၌ တရုတ်မင်းသား ဝမ်ရှင်းအပါအဝင် တရုတ်နိုင်ငံမှ နိုင်ငံကျော်အချို့ မြဝတီမြို့ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသို့ လူကုန်ကူးခံရပြီးနောက် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် KK Park တို့သည် ကမ္ဘာသတင်းစာမျက်နှာများ၌ အကျယ်တဝင့်ဖော်ပြခံလာရကာ လူအများ၏ အာရုံစိုက်ခြင်းခံလာရသည်။
ထို့အတူ ထိုင်းနိုင်ငံမှ အစွမ်းကုန်ကြိုးပမ်းလျက်ရှိသော နိုင်ငံခြားခရီးသွားစွဲဆောင်ရေးမှတဆင့် နိုင်ငံဝင်ငွေတိုးတက်အောင်ပြုလုပ်နေသည့် လုပ်ငန်းစဥ်များလည်း ထိခိုက်မှုရှိခဲ့သည်။
တရုတ်အစိုးရပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျူကျန်ကျိနှင့် ကိုယ်စားလှယ်အဖွဲ့သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့သို့လာရောက်ကာ တဖက်ကမ်း မြဝတီမြို့ရှိ ကာစီနိုရုံများနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို လာရောက်ကြည့်ရှုခဲ့သည်။
မြန်မာပိုင်နက်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ထိရောက်စွာတိုက်ဖျက်ရေး၊ အဆိုပါလုပ်ငန်းများအတွင်း ဖမ်းဆီးခံ၊ လူကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသားများကို ကယ်ထုတ်ရန် နည်းလမ်းရှာဖွေခြင်းတို့ ပြုလုပ်ရန်ဟုဆိုသည်။ ထို့နောက် ယခုကဲ့သို့ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အရေးယူရန် လုပ်ဆောင်ပြလာခြင်းဖြစ်သည်။
စာတည်း – သန့်ဇော်(သန်လျင်)
ဓာတ်ပုံ − เอก เกียรติศักดิ์ แม่สอด.. (မဲဆောက်မြို့ဒေသခံ ထိုင်းအမျိုးသားတဦး၏ လူမှုကွန်ရက်မှ)
တာချီလိတ်မြို့တွင် စက်သုံးဆီ စောင့်ဆိုင်း ဝယ်ယူနေသူများပြီး ယာဉ်ကြောပိတ်နေ၍ ရှင်းလင်းရေး လိုအပ်နေ
* * * * *
ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်အစောပိုင်းက စပြီး နေ့လည်ပိုင်းအထိ တန်းစီစောင့်ဆိုင်းနေကြရသည့် ကားနှင့်ဆိုင်ကယ် ယာဉ်တန်းများပြားနေပြီး ယာဉ်ကြောပိတ်ဆို့မှုပါ ဖြစ်ပွားနေရာ နေရာတော်တော်များများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာဉ်ကြောရှင်းလင်းပေးမှုများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။
“ဆီရဖို့ တန်းစီကြတဲ့ကားတွေက (၃)စီးအထိ ထပ်ပြီးရပ်တာတွေ လမ်းပြောင်းပြန် ရပ်တာတွေ အရမ်းများတယ်။ ယာည်ကြောရှင်းလင်းရေးအတွက် တစ်ယောက်မှ မရှိဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဓိကအားဖြင့် ဝမ်ကျောက်လုံဘက်တွင် ယာဉ်ကြောရှင်းလင်းရေးအတွက် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်း နှင့် မြန်မာ နယ်စပ်အကြား မြန်မာဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများနှင့်တရား မဝင်လုပ်ငန်းများကြောင့် ဟုဆိုကာ ထိုင်းအစိုးရက နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီးနောက် ယနေ့ ဖေဖေဖာ်ဝါရီလ(၅)ရက်နေ့တွင် စတင် ဖြတ်တောက်ခြင်းဖြစ်ရာလျှပ်စစ်မီးလည်း ပြတ်တောက်သွားပြီး စက်သုံးဆီပါ ပြတ်လပ်စ ဖြစ်နေသည်။
ပုံများမှာ 5.2.2025 နေ့လည်(၁၂)နာရီ ဝန်းကျင် အခြေအနေများဖြစ်သည်။
ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့တွင် စက်သုံးဆီ ဝယ်ရခက်နေ
..
* * * * *
ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်အစောပိုင်းက စပြီး နံနက်(၁၁)နာရီကျော်အချိန်အထိ တန်းစီစောင့်ဆိုင်းနေကြရသည့် ကားနှင့်ဆိုင်ကယ် ယာဉ်တန်းများပြားနေပြီး ယာဉ်ကြောပိတ်ဆို့မှုပါ ဖြစ်ပွားနေကြောင်း သိရသည်။
ထိုင်း နှင့် မြန်မာ နယ်စပ်အကြား မြန်မာဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများနှင့်တရား မဝင်လုပ်ငန်းများကြောင့် ဟုဆိုကာ ထိုင်းအစိုးရက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အချိန် တစ်နာရီခွဲအကြာ နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ပြုလုပ်ပြီး နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီးနောက် ယနေ့ ဖေဖေဖာ်ဝါရီလ(၅)ရက်နေ့တွင် စတင် ဖြတ်တောက်ခြင်း ဖြစ်သည်။
လတ်တလောတွင် လျှပ်စစ်မီးအား ဖြတ်တောက်ထားပြီဖြစ်ပြီး စက်သုံးဆီ တင်သွင်းမှုကိုပါ ရပ်ဆိုင်းခြင်း ရှိ မရှိကို တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းဘက်က ထုတ်ပြန် အသိပေးထားခြင်းမရှိသေး၍ ဒေသခံများမှ အခြေအနေမှန်ကို မသိရသေးဘဲ ဆီပန့်များတွင် စက်သုံးဆီရရှိရေးအတွက် အများအပြား စောင့်ဆိုင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် တာချီလိတ်မြို့တွင်းရှိ ဆီပန့်များကနေ မြို့ပြင် ဆီပန့်များအထိ ဆီပန့်များရှေ့တွင် တန်းစီစောင့်ဆိုင်းသူ များပြားနေပြီး စက်သုံးဆီ ဝယ်ယူလို့မရတော့သည့် နေရာများရှိနေကြောင်း သိရသည်။
“တချို့ ဆီပန့်တွေမှာတော့ ဝယ်လို့ရသေးတယ်။ တချို့ဆီပန့်တွေမှာတော့ ဝယ်လို့မရတော့ဘူး။ ရတဲ့ ဆီပန့်တွေမှာလည်း ကား၊ ဆိုင်ကယ်တွေကို ဆီပဲဖြည့်ပေးမယ် ပုံးနဲ့လာဝယ်သူတွေကို မရောင်းပေးတော့ဘူးလို့ ပြောတယ်ဗျ”ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။