တာချီလိတ်၊ ဘုရားသုံးဆူနှင့် မြ၀တီသို့ ပေးထားသည့် ထိုင်းလျှပ်စစ်မီးများ စတင်ဖြတ်တောက်၊ လောင်စာနှင့်မီးစက်များ ၀ရုန်းသုန်းကား အပြေးအလွှား ဝယ်နေရပြီး ရေတင်မရ၍သည့်အခြေအနေရောက်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်အခြမ်း တာချီလိတ်၊ ဘုရားသုံးဆူနှင့် မြ၀တီဘက်သို့ ပေးထားသည့် လျှပ်စစ်မီးများကို ယနေ့ နံနက်ပိုင်း စတင်ဖြတ်တောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မီးတွေပြတ်သွားပြီ။ မီးစက်နဲ့ လောင်စာတွေလည်း ဝယ်မရတော့ဘူး။ ဆိုလာမီးပြားတွေလည်း ဝယ်မရတော့ဘူး။ ၀ရုန်းသုန်းကားပဲ” ဟု ဘုရားသုံးဆူ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ မြ၀တီမြို့နယ်တွင်လည်း ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် ပတ်ဝန်းကျင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။
“မီး မရတော့ဘူး။ အင်တာနက်တွေပါ ကျကုန်ပြီ။အဆိုးဆုံးက ရေတင်မရတော့ဘူး။ ရေပါပြတ်မယ့်ကိန်းပဲ” ဟု မြ၀တီဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်ပျံ့နှံ့နေသော တရုတ် ကျားဖြန့် အွန်လိုင်း ငွေလိမ်ရာဇ၀တ်ဂိုဏ်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံသို့ လျှပ်စစ်၊ ဆက်သွယ်ရေးကွန်ရက်နှင့် လောင်စာဆီတင်ပို့မှုများကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ၊ တာချီလိတ်၊ မြ၀တီမြို့တို့သို့သွယ်တန်းထားသော ထိုင်းလျှပ်စစ်မီးများကို ဖြတ်တောက်လိုက်ရာတွင် တာချီလိတ်မြို့သည် လာအိုနိုင်ငံဘက်မှ မီးရရှိနိုင်သော နေရာတချို့ ကျန်ရှိနေသေးကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
တရုတ်အစိုးရက ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရ အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လာပြီးနောက် ထိုင်းအစိုးရက ယင်းကဲ့သို့ ပြင်းထန်သော အရေးယူမှုများကို တစ်ဆင့်ချင်း ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။
ထိုင်းမီး စဖြတ်၍ မြဝတီမြို့အောက်စီဂျင်စက်ရုံ လည်ပတ်မှု ရပ်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၅
ထိုင်းဘက်မှ ယနေ့နံနက် ၈ နာရီခွဲကစတင်၍ လျှပ်စစ်မီးဖြတ်လိုက်သဖြင့် မြဝတီမြို့ရှိ အောက်စီဂျင်စက်ရုံတချို့လည်ပတ်မှု ရပ်နားသွားကြောင်း ဒေသခံနှင့် လုပ်ငန်းရှင်တချို့ထံက သိရသည်။
ထိုသို့ မီးပြတ်တောက်မှုကြောင့် အောက်စီဂျင်စက်ရုံလည်ပတ်မှု အခက် အခဲဖြစ်ပေါ်ကာ မြဝတီမြို့ရှိ အောက်စီဂျင်အသုံးပြုနေရသော ဝေဒနာရှင်များအတွက် အောက်စီဂျင်ရရှိရေး အရေးပေါ် အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူတဦးက ရေးသားထားသည်။
ထို့ပြင် ထိုင်းနိုင်ငံမှ မီးဖြတ်တောက်လိုက်သောကြောင့် မြန်မာစံတော် ချိန် ၉ နာရီ ၁၀ မိနစ်ကျော်မှစ၍ မြဝတီရှိရပ်ကွက်တချို့ မီးပျက်သွားပြီဖြစ် ကြောင်း မြို့ခံများက ပြောသည်။
မြဝတီမြို့ခံတဦးက “အောက်စီဂျင်စက်ရုံတွေ၊ အစိုးရဆေးရုံတွေ ဖြတ်လိုက်ပြီ။ တံတား ၁၊ ၂ မဖြတ်သေးဘူး။ တံတားကတော့ နယ်စပ်ကုန် သွယ်မှုအနေနဲ့ ထားတာလား မသိဘူး” ဟု ယနေ့ နံနက် ၉ နာရီခွဲခန့်အချိန် ၌ ပြောသည်။
မြဝတီမြို့ခံများအနေဖြင့် ဆိုလာများတပ်ဆင်ထားကြသလို၊ ကျားဖြန့်လုပ်ငန်းများမှာလည်း မီးစက်၊ ဆိုလာများဖြင့် အသုံးပြုမှုများရှိသဖြင့် မီးဖြတ်တောက်မှုအပေါ် ရိုက်ခတ်မှုအနည်းငယ်သာရှိနိုင်ပြီး ထိုင်းမှလျှပ်စစ် မီးကိုအဓိကသုံးစွဲနေကြသည့် အစိုးရရုံးများ၊ ဟိုတယ်များမှာမူ ထိခိုက်မှုရှိနိုင်ကြောင်း မြို့ခံတဦးက ပြောသည်။
ထိုင်းမှလျှပ်စစ်မီးကို မြဝတီမြို့ရှိ ကာစီနိုရုံများအပြင် ဆေးရုံများ၊ ဌာနဆိုင်ရာရုံးများ၊ စက်ရုံများ၊ ရပ်ကွက်များနှင့် ကျေးရွာတချို့၌ သုံးစွဲနေကြောင်း သိရသည်။
အမှတ် ၃ ကျွန်းတောရပ်ကွက်နှင့် မယ်ထော်သလေးကျေးရွာတို့တွင်လည်း မနက် ၉ နာရီ ၁၀ မိနစ်ကျော်အချိန်မှစတင်၍ မီးပြတ်တောက်သွားကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးတို့က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသည်ဟု သံသယရှိသော နေရာ ၅ ခုသို့ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ထောက်ပံ့မှုများကို ယနေ့စ၍ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ထုတ်ပြန်ထားသလို ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်ကလည်း ထိုင်းနယ်စပ် ကျားဖြန့် ငွေလိမ်လုပ်ငန်းများအား လျှပ်စစ်မီး ချက်ချင်းဖြတ်တောက်ရန် အတည်ပြုကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြထားသည်။
ဓာတ်ပုံ- Thai PBS