ထိုင်းရောက်မြန်မာလုပ်သားတွေဆီက ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့ သံအမတ်ကြီးကို အလုပ်သမားဝန်ကြီးခန့်အပ်လို့ ပြည်ပရောက်သူတွေပိုသတိထားကြဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေ ပြော

by

in

ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် ဖိနှိပ်ငွေညှစ်ပြီး ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို စစ်ကောင်စီက အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်လို့မြန်မာလုပ်သားတွေ ဖိနှိပ်မှု ပိုမိုခံစားရမယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေသူတွေက သတိပေးပြောကြားပါတယ်။

နေ့သစ်/People’s Spring

ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် ဖိနှိပ်ငွေညှစ်ပြီး ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို စစ်ကောင်စီက အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်လို့မြန်မာလုပ်သားတွေ ဖိနှိပ်မှု ပိုမိုခံစားရမယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေသူတွေက သတိပေးပြောကြားပါတယ်။

ဇန်နဝါရီ ၃၁ရက်ကထုတ်ပြန်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ ပြင်ဆင်ဖွဲ့စည်းရာမှာ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကို ရာထူးကထုတ်ပယ်လိုက်ပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

သံအမတ်အကြီးဦးချစ်ဆွေဟာ စစ်အုပ်စု အာဏာသိမ်းပြီး (၂)နှစ်အကြာ ၂၀၂၂ဇွန်လမှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် စစ်ကောင်စီရဲ့ ခန့်အပ်တာဝန်ပေးခြင်းခံရသူ ဖြစ်ပါတယ်။

“ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်တာ ဝန်ယူခဲ့တဲ့ (ဦး)ချစ်ဆွေဟာ ထိုင်းနိုင်ငံအကြောင်း ကောင်းကောင်းသိနေတယ်။ ထိုင်းရောက်မြန်မာလုပ်သမားတွေအကြောင်း ကောင်းကောင်းသိနေတယ်။ သိတော့ အကြမ်းဖက်စစ်အုပ်စုက ကောက်ခံတဲ့ အခွန်အခတွေကို ကောင်းကောင်း ညှစ်ယူနိုင်ခဲ့တယ်။ အဲတော့ ထိုင်းနိုင်ငံအကြောင်းသိတဲ့ ထိုင်းရောက်အလုပ်သမားတွေအကြောင်းသိတဲ့ ပြီးတော့ ဒီရာထူးကို သူ့ထက်စီနီယာကျတဲ့သူတွေများစွာရှိတဲ့အထဲက ချစ်ဆွေကို အလုပ်သမားဝန်ကြီးခန့်လိုက်တာဟာ ထိုင်းရောက်မြန်မာတွေအတွက်တော့ သတင်းဆိုးပဲ”လို့ ထိုင်းရောက်မြန်မာအလုပ်သမားအ ရေးကူညီပေးနေတဲ့ ကိုရဲမင်း(AAC)က ပြောပါတယ်။

စစ်အုပ်စု အာဏာမသိမ်းခင်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေထဲမှာ ဦးဝင်းမောင်၊ ၂၀၂၂ နှစ်လယ်ပိုင်းအထိ ဦးမျိုးမြင့်သန်း စတဲ့သံအမတ်ကြီးတွေ တာဝန်ယူခဲ့တာဖြစ်ပြီး ဦးချစ်ဆွေအပါအဝင် သံအမတ်ကြီး၊ သံအရာရှိစတဲ့ဝန်ထမ်းတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။

ဒါကြောင့် အခုလို သံအမတ်ကြီးကနေ အလုပ်သမားဝန်ကြီးအဖြစ်ခန့်အပ်တာဟာ စစ်ကောင်စီလက်ထက်မှာသာကြားဖူးပြီး ဒီလိုလုပ်ရတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ဟာ လူဦးရေ ၅သန်းကျော်ရှိနေတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေက အခွန်အခတွေ ရသမျှညှစ်ယူနိုင်အောင် လုပ်တာသာဖြစ်တယ်လို့ ကိုရဲမင်းက သူ့အမြင်ကို ပြောပါတယ်။

“ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီကနေ ရသလောက်အခွန်အခတွေ ညှစ်ယူပုံညှစ်ယူနည်းကိုသိတဲ့ (ဦး)ချစ်ဆွေကို ခန့်လိုက်တာလို့ပဲ သုံးသပ်တယ်”လို့ ကိုရဲမင်းက ဆိုပါတယ်။

အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဟာ ထိုင်းရောက်မြန်မာလုပ်သားတွေထံကနေ ဘတ်ဘီလီယံနဲ့ချီ စစ်ကောင်စီအတွက် အကျိုးပြုရှာပေးနိုင်သူလို့လည်း သံရုံးနဲ့နီးစပ်သူက ပြောပါတယ်။ သူ့ကို ၂၀၂၅ ဇန်နဝါရီ ၂၆ရက်မှာ နေပြည်တော်ကို ဆင့်ခေါ်ပြီး ရာထူးတိုးပေးလိုက်တာလို့ ဆိုပါတယ်။

“သူသာ ဝန်ကြီးဖြစ်ရင် ပြည်ပရောက်မြန်မာတွေ အဓိက ထိုင်းရောက်မြန်မာတွေတော့ သေပြီသာမှတ်”လို့ သ့ရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးကလည်း ” သူက ဘယ်လိုကြပ်ပေးရမယ်၊ ဘာတွေလုပ်ရမယ်ဆိုတာ သိထားတဲ့သူ ဖြစ်တယ်။ စကစအတွက် အကျိုးပြုပေးမယ့်သူပဲ”လို့ ပြောပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းအစိုးရရဲ့ သတ်မှတ်ချက်အရ ၂၀၂၄ အထိ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်နဲ့ ခရီးသွားခွင့်တွေအတွက် ထိုင်းအစိုးရကထုတ်ပေးတဲ့ ပန်းရောင်ကတ်(ဘတ်)လုပ်ကြရပြီး မြန်မာသံရုံးက လုပ်ပေးတဲ့ CI လို့ခေါ် သက်သေခံလက်မှတ်တစ်မျိုးကိုလည်း လုပ်ဆောင်ကြရပါတယ်။

ပန်းရောင်ကတ်ကိုတော့ ထိုင်းအာဏာပိုင်တွေက ထုတ်ပေးတာဖြစ်ပြီး CI ကိုတော့ မြန်မာအာဏာပိုင်တွေက CI ပြုလုပ်လိုသူရဲ့ အချက်အလက်အထောက်အထားတွေကို တိုင်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးတဲ့ သက်သေခံကတ်တစ်မျိုးလည်း ဖြစ်ပါတယ်။

ဒါကြောင့် CI ပြုလုပ်တဲ့အခါ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနကိုဖြတ်ရပြီး နိုင်ငံရေးနဲ့တိမ်းရှောင်လာတဲ့သူဖြစ်စေ၊ စစ်မှုမထမ်းလို၍ ပြင်ပထွက်အလုပ်လုပ်သူဖြစ်စေ စစ်ကောင်စီဝန်ထမ်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ရလို့ ထိုင်းရောက်မြန်မာတွေဟာ မလုံခြုံတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

CDM ပြုလုပ်ပြီး ထိုင်းကိုရောက်လာကြတဲ့ မြန်မာတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ်ပြုလုပ်ပေးပေမယ့် မြန်မာသံရုံးကတော့ CI လုပ်မပေးပါဘူး။ ဒါ့အပြင် နိုင်ငံရေးပုဒ်မကြီးတွေနဲ့ CIလာလုပ်တဲ့သူတွေကိုလည်း ခေါ်သတိပေးတာမျိုးတွေ ပြုလုပ်တယ်လို့ အဲဒီလို ပြုလုပ်ခံရသူအချို့က ပြောပါတယ်။