■Photo News
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်၊လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေအများအပြားသိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၁)က ဓာတ်ပုံမှတ်တမ်းတွေ ဒီကနေ့ ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ကဖေဖော်ဝါရီ ၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ဒီကနေ့မှာ စခန်းသိမ်းရုပ်သံမှတ်တမ်းကို ထုတ်ပြန်ပြသခဲ့ပါတယ်။ မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၂၅ ဦးကိုဖမ်းဆီးရရှိတာကိုလည်းKNLA တပ်မဟာ -၁ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာတွေ့ရပါတယ်။မဲပလီ စခန်းသိမ်းစစ်ဆင်ရေးမှာ KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့ FFD မဟာမိတ်ပူးပေါင်းတပ်တွေ အတူတကွ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ-KNLA တပ်မဟာ -၁
မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)
ဖေဖော်ဝါရီ ၂၊ ၂၀၂၅
KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်၊ နေ့လည် (၁၁)နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ Force for Federal Democracy (FFD)တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ BPLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ခန့်မှန်းအင်အား ၁၀၀ နီးပါးရှိတဲ့ မဲပလီစခန်းကို တိုက်ခိုက်မှုမှာ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီသုံ့ပန်း ၂၀ ကျော် ဖမ်းမိခဲ့သလို ၁၂၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံ-BPLA