ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုများကို ထောက်ခံကူညီနေသော တရုတ်အစိုးရကို ကန့်ကွက် ရှုတ်ချသော လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုများကို ထောက်ခံကူညီနေသော တရုတ်အစိုးရကို ကန့်ကွက် ရှုတ်ချသော လှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) နှင့် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတ ရှီကျင့်ဖျင် တို့၏ ရုပ်ပုံများ၊ “China…Stop Your Hypocrisy! “, “China…Stop Killing Myanmar People by Supporting Fascist Criminals” စသည့်စာသားများပါဝင်သော ပိုစတာများအား ထောင်နှင့်ချီ ကြဲချခြင်းနှင့် စတစ်ကာကပ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာပြည်သူလူထု၏ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်များကို ရက်စက်စွာ ဖိနှိပ် ခြင်းဖြင့်လည်းကောင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ရှိရာ စစ်ဘေးရှောင်စခန်းများ၊ ကျေးလက်ဒေသများ အပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတစ်ဆင့် စစ်ပွဲသုံးလေယာဉ် များ အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်ခြင်းဖြင့်လည်ကောင်း စသည့်နည်းလမ်းများဖြင့် ဖိနှိပ်သတ်ဖြတ်နေခြင်းဖြစ်သည်။
ထို့ကြောင့် အာဏာရူး မင်းအောင်လှိုင်နှင့် အပေါင်းအပါ တစ်စုတို့ကို အားပေးထောက်ခံရပ်တည်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များအပေါ် ကန့်ကွက် ရှုတ်ချပြီး တရုတ်အစိုးရအနေဖြင့် မြန်မာပြည်၏ ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့ ချီတက်လျှောက်လှမ်းနေသည့် နွေဥ◌ီးတော်လှန်ရေး၏ ရည်မှန်းချက် ပန်းတိုင်အပေါ် လေးစားခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း မပြုပဲ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းဖြင့် ရပ်တည်ပေးပါရန် တော်လှန်ရေး အင်အားစုများက ပြည်သူလူထုနှင့်ထပ်တူ တောင်းဆိုလိုက်ကြောင်း သိရသည်။