သာပေါင်းအထိ AA နှင့် ပူးပေါင်းတပ်များရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲသို့ အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များ ရောက်ရှိနေပြီ ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် AA ပူး ပေါင်းတပ်တို့သည် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“သာပေါင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က စစ်ကူတွေပို့ပေမယ့် ဖြတ်တောက် ထားနိုင်တဲ့အခြေအနေပါ။ ရိက္ခာပို့တဲ့ မြို့နယ်ရဲမှူးကိုလည်း စနိုက်ဘာနဲ့ရှော့(ပစ်) ထားနိုင်တဲ့အပေါ်မှာ ဖိအားပေးပြီး လွှတ်နေရတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA နှင့်ပူးပေါင်းတပ်တို့သည် မကျီးဇင်နှင့် သဲဖြူရွာ များတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် သာပေါင်း ဘက်သို့ပါ ထိုးဖောက်ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကူနှင့်ရိက္ခာပို့သွားသည့် သူများပါ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။
AA တပ်များ သာပေါင်းသို့ဝင်ရောက်လာပြီး သာပေါင်း ရဲစခန်းမှူးကို စနိုက်ဘာဖြင့်ပင် ပစ်ခတ်ခဲ့ ခြင်းကြောင့် ပုသိမ်မြို့သို့ အချိန်မရွေး ရောက်ရှိလာနိုင်သည်ဟုဆိုကာ စစ်ကောင်စီတပ် မိသားစုဝင် များနှင့် မြို့ခံများပါလှုပ်လှုပ် ခတ်ခတ်ဖြစ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း AA တပ်ဖွဲ့ များ ဝင်ရောက်မလာနိုင်ရေးအတွက် စစ်ကူ အများအပြားပို့ဆောင်ကာ ခံစစ်ပြင်ဆင်၍ တိုက်ခိုက်နေသော်လည်း မကျီးဇင်နှင့် သဲဖြူရွာများမှ တစ်ဆင့် သာပေါင်းမြို့နယ်အစပ်ထိ တိုက်ပွဲများရောက်ရှိလာသည် ကို တွေ့ရသည်။
AA သည် ဧရာဝတီတိုင်းနှင့် နယ်မြေထိစပ်နေသည့် ဂွမြို့ နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်း အတွင်းရှိ စစ်ကောင်စီများ ခံစစ်အထူးပြင်ဆင်ထားသည့် စခန်းများအထိ တိုက်ခိုက်လာခြင်းဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ တင့်ကားများပါ ပို့ဆောင်၍ ခံစစ်ပြင်ထားသော မကျီးဇင်နှင့် ဘောမိတို့ AA လက်ထဲကျသွားပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်အတွင်း၌ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ချင်းစု ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ် ကောင်စီက ခံစစ်အတွက် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- အာရက္ခတပ်တော် (AA) က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကို စနိုက်ဘာသင်တန်းပေးစဉ် (ပုံဟောင်း)