သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြော ဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရော်ကစဉ် စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိနေပြီး AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ သစ်ဖြူကျေးရွာ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၏ ခိုင်းစေချက်အရ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးက သွားရောက် ရိက္ခာပို့ခဲ့စဉ် ပစ်ခတ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
” တိုင်းတပ်ဖွဲ့မှူးက စစ်တပ်ကို မျက်နှာလို မျက်နှာရ ဘောမပြီး တပ်အတွက် သာပေါင်းစခန်းမှူးကို ရိက္ခာသွားပို့ခိုင်းတာ။ သူ အနေအစားချောင်ရေးနဲ့သူ့ငွေရှာပေးနေရင် ဘာလုပ်လုပ် သူ့အတွက်ငွေမရှာနိုင်တဲ့ သာပေါင်းလို နယ်စခန်းတွေကို အဲဒီလိုမျိုး ထိုးကျွေးပါတယ်။ သူ့အတွက်ငွေရှာပေးတဲ့ပုသိမ်နယ်မြေစခန်းဆိုအရမ်းပစားပေးပါတယ်။ ဒုရဲမှူး ဝင်းနိုင်ဦးက သစ်ဖြူ တပ်စခန်းကို ရိက္ခာသွားပို့ရင်း လမ်းမှာ အပစ်ခံရတာ။ ဒုရဲမှူး ဝင်းနိုင်ဦး ဇနီးက သာပေါင် အပိုင် ထဲကမလို့ မျက်နှာသိများတော့သူ့ကို မသွားဖို့ တားတယ်။ စိတ်ပူလို့မသွားခိုင်းတာ။ မသွားခိုင်းတာကို သွားရင်းနဲ့ သေတာ။ သူကလည်း တိုင်းတပ်ဖွဲ့မှူးက အတင်းဖိအားပေးတော့ ကြောက်ပြီးသွားရတာ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။
ယခုအခါ ဒုရဲမှူး ဝင်းနိုင်ဦး၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိ သာပေါင်းမြို့နယ်၊ လက်ပံကွင်းသို့ ပြန်လည် သယ်ယူလာပြီဖြစ်ကြောင်း သိရှိရသည်။
လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်ချို့က ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး ဒုရဲမှူး ဝင်းနိုင်ဦး ပစ်ခတ်ခံရသော နေ ရာမှာ AA နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုများ ရှိနေသော နေရာဖြစ် ကြောင်း သိရှိရသည်။
■ AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး
Western News| ဇန်နဝါရီ ၂၉
အာရက္ခတပ်တော် AA ထိုးစစ်များရှိနေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့မစခန်းမှူး ရဲမှူးဝင်နိုင်ဦးမှာ စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပုသိမ်းသတင်းအထူးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
“ကျားခေါင်းသို့ ပရဟိတကားနဲ့ ရိက္ခာပို့သွားရောက်စဉ် Sniper ဖြင့် ပစ်ခတ်ခံရပြီး လည်ပင်းထိဒဏ်ရာနဲ့ သေဆုံးသွားတယ်။ Dead Body ကို သူ့ရဲ့ဇာတိ လက်ပံကွင်းသို့ ပြန်လည်သယ်ယူလာခဲ့ကြတယ်” ဟု ပြောသည်။
Sniper ကျည်ပစ်ခတ်စဉ် စခန်းမှူးသေဆုံးမှုကြောင့် ဘေးတွင်ရှိနေသည့် ပရဟိတကားသမား လန့်ပြီးသတိလစ်သွားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဆိုသည်။
“အဆိုပါဖြစ်စဉ်ကြောင့် ရခ/နယ်ထိန်များ ကိုယ်လွတ်ရုံးပြေးကြကာ ထိုအထဲတွင် “ငါသေမှ ငါစခန်းရမည်”ဟု အမြဲကြွေးကြော်နေသည့် ကွက်ပြင်နယ်ထိန်း တိမ်ပျံလည်း ရှေ့ဆုံးမှထွက်ပြေးသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။
သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြပြီး သာပေါင်းစခန်းမှူး ရဲမှူးဝင်းနိုင်ဦးအား စနိုက်ပါပစ်ခတ်သည်မှာ မည်သူဖြစ်ကြောင်းကိုမူ ပုသိမ်သတင်းအထူးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
အာရက္ခတပ်တော် AA သည် ရခိုင်နှင့် ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်း၊ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ ပွိုင့် ၂၆၃ နှင့် ပွိုင့် ၃၆၉ တပ်စခန်းတို့ကို သိမ်းပိုက်ထားကြောင်း သိရသည်။