ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်

by

in

ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။
ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။ အခမ်းအနားနဲ့ လုပ်ပြီး အလံအုပ်သင်္ဂြိုဟ်တာ။ သေနတ်တွေလည်း ပစ်ဖောက်တယ်”ဟု ပုသိမ်မြို့ရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလည်း ချောင်းသာဘက်မှနေ၍ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံးဖောကားတစ်စီးဖြင့် မဆရ ၄ ဘက် သို့ အရေးပေါ်လာရောက်ပို့ဆောင်သွားကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံက သိရသည်။
ဒဏ်ရာရရှိသူများအနက် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညပိုင်းအချိန်များတွင်ပါ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်၌ သင်္ဂြိုဟ်နေရပြီး သင်္ဂြိုဟ်သည့် အခမ်းအနားတွင် ပစ်ဖောက်သည့်သေနတ်သံများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ ထိတ်လန့် လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ဧရာဝတီ-ရခိုင်အစပ် တိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရရှိ သူများနှင့် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုသိမ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ သို့ စစ်သုံးဖောကားများဖြင့် နေ့စဉ်နီးပါး ခေါ်ဆောင်လာနေရပြီး AA နှင့်တိုက်ပွဲများသည်လည်း ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်း၊ ပွိုင့် ၃၆၉ စခန်းတို့ကို AA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့နှင့်၂၆ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထား သည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်နေစဉ် (ပုံဟောင်း)