မကွေး၊ ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေပြီး ရန်ကုန်၊ တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းနေ

by

in

မကွေး၊ ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေပြီး ရန်ကုန်၊ တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းနေ
ရန်ကုန်၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက်စစ်တပ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲနေမှုများရှိပြီး ရန်ကုန်တိုင်း တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းရန် ဖောင်အတင်းအကျပ်ဖြည့်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ဟပြောဆိုသည်။
မကွေးတိုင်း မြို့သစ်မြို့နယ်တွင် လမ်သွားလမ်းလာပြည်သူများ၊ လမ်းဘေးလယ်ယာစိုက်ခင်းများတွင် ပျိုးနုတ်လုပ်သားများ၊ တောင်ပေါ်ဒေသသို့ မြစ်ချိုးထွက်သူများကို စစ်မှုထမ်း အပတ်စဥ် ၅ အတွက် အတင်းအဓမ္မ ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သြဂုတ်လ ၁၉ရက် နေ့မှစ၍ မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်ဝင်းထက်၊ ရဲမှူး သိန်းလင်း၊ ဗိုလ်မှူး သီဟအောင် ဆိုသူတို့ ဦးဆောင်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကာ စစ်မှုမထမ်းလိုသူများထံမှလည်း ငွေကြေးများခြိမ်းခြောက်တောင်းခံနေ ကြောင်း သိရှိရသည်။
“ဖမ်းဆီးရုံသာမကဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ တစ်အိမ်ထောင်ကို အသက်ပြည့်ပြီးသူ အမျိုးသား ရှိရင်ရှိသလို ၁သောင်း၊ ၂ သောင်း၊ ၄ သောင်း ကောက်ယူနေပါတယ်။ ထွန်းနေဇာ (မနောဖြူနာရေးကူညီမှု အသင်း)က စစ်မှုထမ်းလိုက်ချင်သူတွေကို အဲဒီကောက်ခံရငွေကို ပေးမယ်ဆိုပြီး ဦးစီးကောက်ခံပါတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မြို့သစ်မြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းရန်အတွက် ယခင်အပတ်စဉ်များကလည်း ပေါ်တာဆွဲခြင်းများ လုပ် ဆောင်ခဲ့ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကျုံတနီးရွာ အနောက်ဖက်ကမ်းတွင် လူငယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းလိုပါက ငွေကျပ် သိန်း ၇၀ ပေးရမည်ဖြစ်ကြောင်း ၊ ငွေကြေး မပေးလျှင် အမျိုးသားများသာမက အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ အချိန်မရွေးလာခေါ်မည်ဟု စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ခြိမ်းခြောက် ငွေတောင်းခံနေကြောင်း သိရှိရသည်။
” သိန်း ၇၀ ပေးရမယ်။ အချိန်မရွေးလာခေါ်မယ်။ ယောကျ်ားလေး မရှိရင် မိန်းကလေးတွေ ကိုခေါ်မယ်။ တစ်ယောက်မှမရှိရင် မိဘတွေကို စစ်တပ်ထဲ ခေါ်သွားမယ်လို့ တပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေက ခြိမ်းခြောက် ပြောဆိုနေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ ပေါ်တာဆွဲရန် ခြိမ်းခြောက်နေခြင်းအပြင် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကွမ်းသီးပင် အုပ်စုတွင်မူ အုပ် ကြီးဟောင်း အောင်တင်ဦးနှင့် အုပ်ကြီး အသစ် ရဲနိုင်စိုးအပါအဝင် အပေါင်း အပါများက ဩဂုတ်လ ၂၀ ရက်နေ့တွင် ဝဲငယ် ကံစုရွာမှ ပြည်သူတစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်သည် စစ်မှုထမ်းလိုသည့် ဆန္ဒမပါသည့် အပြင် မိဘခွင့်ပြုချက်လည်း မရှိဘဲ အတင်းအဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များက ပြန်ပို့ပေးရန်တောင်းဆိုထားသော်လည်း ယခုအချိန်အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်း တောင်ဒဂုံ ၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးသီဟမျိုးနိုင်က တောင် ဒဂုံတွင် အသက်မပြည့်သေးသူများအပါအဝင် ပြည်သူများကို စစ်မှု ထမ်းရန် အတင်းအဓမ္မ ဖောင်များ ဖြည့်ခိုင်းကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ကျောင်းသားတွေပါ ပါတယ်။ စစ်မှုထမ်းခိုင်းနေတာ။ အာဏာ အရမ်းပြတယ်။ သူ့လုပ်ပိုင်ခွင့်သုံးပြီး ငွေညှစ်တာတွေများတယ်။ ပြီးတော့အိမ်ဆောက်ရင်လည်း သူကို ၁၀သိန်းသို့မဟုတ် ၂၀ ပေးရတယ်။ မပေးရင် ဆောက်ခွင့်မပြုဘူး။ ပြီးရင် ဘိလပ်မြေ ၅ အိတ် ပေးရတယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းခံရသည့် လူငယ်များ။