ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှု ထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်မှ လူငယ် ၆၀ ဦးကို အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဆင့် ခေါ်စာများ ပေးပို့ခဲ့ပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန်ဆောင်သည်များ၏ အမည်စာရင်းပါ ပါဝင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ခဲ့ပြီး ၂ ရပ်ကွက်ပေါင်း လူငယ် ၆၀ ဦးကို ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီး စစ်မှုထမ်း စာရင်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ပါရှိသောကြောင့် အုပ်ချုပ်ရေးမှူး ညီညီထွေးကို သွားရောက် ပြောဆိုရာတွင် အထက်အမိန့်အရ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် နေအိမ် တစ်အိမ်ထဲမှ အမျိုးသမီး ၃ ဦးလုံးလည်း စစ်မှုထမ်း စာရင်းတွင် ပါဝင်ခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးကို ပြန်လည် ပြောဆိုခဲ့သော်လည်း စစ်မှုမထမ်းလျှင် နေအိမ်နှင့် ဆိုင်များကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆင့်ခေါ်စာ ပို့ခံရသူများနှင့် စစ်မှုထမ်း အမည်စာရင်း ပါဝင်သူများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်စာ ပေးပို့ခံရသူများနှင့် စစ်မှုထမ်း အမည်စာရင်းတွင် ပါဝင်သူများကို အုပ်ချုပ်ရေးမှူးများက စိတ်ကြိုက် လိုက်လံခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ သား၊ သမီးများနှင့် ဆွေမျိုးများ စစ်မှုထမ်း စာရင်းတွင် မပါဝင်ကြောင်း သိရသည်။
” ဒေါပုံမြို့နယ် ဝါဆို ရပ်ကွက်နဲ့ အောင်ချမ်းသာ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးဆင့်ခေါ်စာတွေ ပို့နေပါတယ်။ ၂ ရပ်ကွက်လုံးပေါင်းလိုက်ရင် ခုအပတ်စဉ်မှာတင် လူငယ်ပေါင်း ၆၀ လောက်ရှိတယ်။ တစ်အိမ်ထဲမှာတင် မိန်းကလေး ၃ ဦးလုံးပါတာပါ။ အငယ်လေးက ၁၈ နှစ်ပြည့်ခါစ ကျောင်းသူပါဆိုတာတောင် မရပါဘူးတဲ့ စစ်မှုမထမ်းရင် အကုန်အိမ်တွေ ဆိုင်တွေသိမ်းမယ်ဆိုလို့ မိဘတွေ ငိုယိုနေရပါတယ်။ တစ်ရပ်ကွက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြပါတယ်။ သူတို့ သား၊သမီးတွေ ကြတော့မထည့်ဘူး။ သူများ သား၊ သမီးတွေကို လိုက်ဒုက္ခပေးနေတာပါ။ ၂ လပိုင်း ၂၇ ရက်နေ့မှာ အခု အမည်ပါတဲ့ သူတွေ ဆင့်ခေါ်စာပို့ခံရတဲ့သူတွေကို လာခေါ်မယ်လို့ သိရပါတယ်။ စစ်မှုထမ်းထဲမှာ အမျိုး သမီး ဗိုက်ကြီးသည်က အစပါလို့ အုပ်ချုပ်ရေးမှူး ညီညီထွေးကိုပြောတော့ သူလုပ်တာမဟုတ်ဘူး။ အထက်ကလုပ်တာ အထက်အမိန့်ဘာမှ မတက်နိုင်ဘူးဆိုပြီး ပြောလွှတ်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ၏ ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ် မှုထမ်းရမည်ဖြစ်သော်လည်း အိမ်ထောင်သည်နှင့် သားသမီးရှိသော မိခင်များ စစ်မှုကင်းလွတ်ခွင့်ပြုကြောင်း သိရှိရသည်။