ရခိုင်ပြည်နယ်ပြင်ပအထိရောက်လာတဲ့ AAရဲ့ အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲတွေ
ကဖေး/People’s Spring
အာရက္ခတပ်တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်နေတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။
အာရက္ခတပ်တော်(AA)က ဂွမြို့၊တောင်ကုတ်နဲ့ အမ်းမြို့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း အဲဒီမြို့တွေနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းနယ်စပ်တွေမှာပါ တိုက်ပွဲဖြစ်နေတဲ့အကြောင်း ဇန်နဝါရီလ (၂၀) ရက်မှာ ပထမဆုံးအကြိမ် အသိပေးလာပါတယ်။
ဂွမြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေသောင်ယံ၊ ရေကြည်၊သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဂွမြို့နဲ့ရွှေသောင်ယံမြို့ကြားရှိတဲ့ မကျီးစင်ကျေးရွာမှာ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။ ဧရာဝတီတိုင်းအတွင်း လူထုတော်လှန်ရေးတိုက်ပွဲခေါ်သံ စတင်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်အထိနာပြီး ဧရာဝတီတိုင်းအတွင်းပထမဆုံးအကြိမ် လေကြောင်းသုံးခုခံတိုက်ခိုက်ခဲ့ပါတယ် ။ဒါပေမယ့် ရွှေသောင်ယံ ဒေသထဲပထမဆုံးတိုက်ပွဲမှာ စစ်တပ် စစ်ရှုံးပြီးနောက်ဆုတ်ရပါတယ် ။
အဲဒီနောက်မှာ စစ်တပ်ဟာရွှေသောင်ယံဒေသကို ကြည်း၊ရေ၊လေအင်အားသုံး၍တပ်ဖြန့်ခံစစ်ပြင်ပါတယ် ။ ရွှေသောင်ယံကမ်းခြေတလျှောက် စစ်ရေယာဉ်တွေ ခုတ်မောင်းဝင်လာကြပါတယ်။ ရဟတ်ယာဉ်တွေ အဆက်မပြတ်ပျံသန်းခဲ့ကြပါတယ်။ ပုသိမ်-ချောင်းသာလမ်းကတစ်ဆင့် ရွှေသောင်ယံကမ်းခြေပတ်လမ်းကြီးပေါ်ကို တင့်ကားတွေပါ ဝင်ရောက်လာခဲ့တာပါ။
“၂၀၁၈ တုန်းက ကြည်း၊ ရေ၊လေဆင်ရေးလုပ်သလိုကို အင်အားတွေတိုးချခဲ့တာ။ အဲဒီရက်ကဆိုရင် ပင်လယ်မှာ စစ်သင်္ဘောတွေ ဒင်းကြမ်းပြည့်နေခဲ့တာဗျ”လို့မကျီးစင် ကျေးရွာတိုက်ပွဲအပြီးရွှေသောင်ယံမြို့နယ်အခြေအနေကို ဒေသခံတဦးက ပြောတာပါ။
စစ်တပ်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရွှေသောင်ယံမြို့၊ ဝက်သေကျေးရွာမှာ တပ်ဖွဲ့ဝင် အင်အား ၈၀၀၀ ကျော်သုံးပြီးတော့ ကမ်းတက်ရေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ်မှာ ARSA က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအကြမ်းဖက်တယ်ဆိုပြီးတော့ စစ်တပ်ကနယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ ရိုဟင်ဂျာပြည်သူများအပေါ်လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ပြီးလပိုင်းအကြာမှာ စစ်ရေးလေ့ကျင့်ခဲ့တာပါ။
ရွှေသောင်ယံမှာ ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးကို ကျောင်းသင်ခန်းစာတွေထဲကသမိုင်းသင်ခန်းစာတွေမှာပါ ပြည်ပနိုင်ငံတွေအထိ စစ်အောင်နိုင်ခဲ့တယ်ဆိုတဲ့ ဆင်ဖြူရှင်မင်း အမည်ကိုစစ်ဆင်ရေးအမည်တပ်ခဲ့တာပါ။
စစ်ကောင်စီက မကျီးစင်ကနေ ဆုတ်ခွာပြီးတဲ့နောက် ရွှေသောင်ယံမြို့ပေါ်နေရာတွေ၊ ဘောမိရွာ၊ ဝက်သေရွာ၊ ဂျိတ်လတ်ရွာတွေကို ကြည်းရေလေတပ်ဖွဲ့တွေအင်အားရာချီပို့၊ တင့်ကားတွေ ပို့ပြီး အကြီးအကျယ်ပြင်ခဲ့ပြန်ပါတယ်။ စစ်သဘော်တွေ ၊ လက်နက်ကြီးတွေပါ ပို့ပြီးခံစစ်ပြင်ခဲ့တာပါ။
ဒါပေမယ့် မိုက်ကြေးခွဲပြီး ဓားဆွဲထွက်သွားတဲ့ ရွာစော်လူမိုက်လို စစ်တပ်ဟာ နဖူးကွဲပြီး ပြန်ပြေးလာရတဲ့အဖြစ်မျိုး ကြုံလိုက်ရပြန်ပါတယ် ။
ဘောမိရွာတိုက်ပွဲကတော့ AA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးပရိယာယ်ကြွယ်ဝမှု ပြသခဲ့တဲ့တိုက်ပွဲပါ ။
မကျီးစင်ရွာဟာ ရွှေသောင်ယံမြို့ပေါ်နဲ့မိုင် ၃၀ ခန့် ဝေးပါတယ်။ ဇန်နဝါရီလ၈ရက်မှ ၁၀ရက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်မှာ တိုက်ပွဲတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ် ။
တော်လှန်ရေးပူးပေါင်းတပ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ကြတာပါ။ အဘယ်ကြောင့်တိုက်ပွဲရပ်သွားသလဲ၊ တော်လှန်ရေးတပ်တွေ အဘာကြောင့်ခြေရာဖျောက်သွားတာလဲ စတာတွေကို ဒေသခံတွေ မမှန်းဆနိုင်ခဲ့ကြပါဘူး။
ဒါပေမယ့်စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာ AAနဲ့ PDFတွေ စစ်ရှုံးပြီး ပြန်ဆုတ်ခွာသွားပြီ မကျီးစင်ရွာကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဝမ်းသာအားရ ဝါဒဖြန့်ချီခဲ့ကြပါတယ် ။
မကျီးစင်ရွာက ရုတ်တရက်ပျောက်သွားတဲ့ တော်လှန်ရေးတပ်တွေဟာဇန်နဝါရီလ၁၆ရက်ညရောက်တဲ့အခါ ဘောမိရွာမှာ ရုတ်တရက်ပြန်ပေါ်လာပြီး စစ်ကောင်စီစခန်းတွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ ညတိုက်ပွဲမှာပဲ စစ်တပ် ဝရုန်းသုန်းကားဆုတ်ခွာထွက်ပြေးရပြန်ပါတယ်။
အင်အားငါးရာလောက်နဲ့ခံစစ်ပြင်ထားတဲ့ ဘောမိရွာမှာ အင်အား ၇၀ကျော်ပဲ မြို့ပေါ်က စစ်ကောင်စီစခန်းကို လာပူးပေါင်းနိုင်ခဲ့ပြီး ရေကူးထွက်ပြေးသူတွေ၊ စခန်းမှာ လာမပူးပေါင်းသူတွေနဲ့ သေဆုံးသူတွေက လေးရာနီးပါးအထိရှိတယ်လို့ စစ် ရေးသတင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် ဘောမိရွာ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ဗျူဟာမှူးတစ်ဦး အဆက်အသွယ်မရတော့ပဲပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ပျက်ဆင်းပျက်အထိနာခဲ့တဲ့နောက် အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ ဘောမိရွာကို စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးပြင်ပြင်းထန်ထန်ပစ်ခတ်ခဲ့လို့ တရွာလုံးပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီက ဘောမိရွာကနေထပ်ဆုတ်ပြီး မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်မှာ ဆက်လက်စွဲထားဆဲဖြစ်ပါတယ်။ ဒေသခံအများအပြားကတော့ အခြားမြို့နယ်တွေမှာ သွားရောက်တိမ်းရှောင်နေကြရပါတယ်။
ဧရာဝတီတိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်ခြေကြောင့် ပုသိမ်မြို့နယ်အပါအဝင် တိုင်းထဲက မြို့၇မြို့ကို ခရီးမသွားသင့်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO)က ဇန်နဝါရီ ၂၂ ရက်မှာ သတိပေးထားပါတယ်။ ရခိုင်နှင့်ထိစပ်နေတဲ့ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့တွေကို ခရီးမသွားသင့်ကြောင်းသတိပေးထားတာပါ။
ဧရာဝတီတိုင်းလိုပဲ တောင်ကုတ်မြို့နယ်နဲ့ထိဆက်နေတဲ့ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်မှာလည်း AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေပါတယ်။ AAက သတင်း အသေးစိပ်မထုတ်ပြန်သေးပေမယ့် တော်ကုတ်-ဥသျှစ်ပင်လမ်းကြောတလျောက်က စစ်ကောင်စီစခန်းအချို့ကို AAက သိမ်းယူထားပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့နေရာတွေက ပြည်ရဲ့ တစ်ဖက်ကမ်းမှာတင်ဖြစ်နေတာ။ ပြည်ကိုတော့ စစ်တပ်က ပိတ်ဆို့ထားတယ်။ ဘာမဆိုအချိန်မရွေးဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်” လို့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။
AA က အမ်းမြို့ နဲ့ ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ဒီဇင်ဘာလ၂၀ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပြင် စစ်သုံ့ပန်းရာချီပြီး AAက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းဗိုလ်မှူးချုပ်တစ်ယောက်က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ချဖို့တိုက်တွန်းတဲ့အထိ AAရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေက အောင်မြင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေပြီဆိုတာကို လက်ခံဖို့၊ ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုဖို့၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေအနေနဲ့ ခေါင်းဆောင်မပီသတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲ လက်နက်ချကြဖို့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတဆင့် တိုက်တွန်းခဲ့တာပါ။
အမ်းမြို့ကို AAသိမ်းပိုက်ပြီးတဲ့နောက် အမ်း-ပဒါန်းလမ်းအတိုင်းထွက်ပြေးသွားတဲ့စစ်ကောင်စီတဖွဲ့ဝင်တွေကို AAနဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ရခိုင်ရိုးမပေါ် နဲ့ အမ်း-ပဒါန်းလမ်းက စစ်တပ်စခန်းအချို့ကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပါတယ်။
အမ်း-ပဒါန်း ကားလမ်းမအနီးက ရွာတွေမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ် တွေနဲ့အတူ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီးတပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း တွေ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်က ရုပ်အလောင်းအမြောက်အမြားနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AAက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ ကုန်တွင်းပိုင်းမှာ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့နဲ့ နယ်မြေချင်းဆက်စပ်နေတာပါ။ ချင်းပြည်နယ်နဲ့ နယ်စပ်ကိုတော့ AAနဲ့ မဟာမိတ်တပ်တွေကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ် ။
ကျန်ဒေသသုံးခုကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတာပါ။ AAရဲ့ စစ်ရေးရည်မှန်းချက်ဟာ ရခိုင်ပြည်နယ်တခုတည်းကိုပဲ ထိန်းချုပ်နိုင်ဖို့ထက် ထိစပ်နယ်မြေတွေကိုပါ မဟာမိတ်ဆက်ဆံရေးအရ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲတွေဖော်ဆောင်ဖို့လိုအပ်နေတယ်လို့ AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ထုတ်ဖော်ပြောကြားထားပါတယ်။
ထိုးစစ်စတင်ပြီး ၁၄ လအတွင်းမှာမြို့နယ်ပေါင်း ၁၅ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA နဲ့ မြေပြန်ဒေသက တော်လှန်ရေးတပ်တွေရဲ့ နောက်ထပ်ပစ်မှတ်တွေဟာဘယ်တွေဖြစ်မလဲဆိုတာဟာ စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ် ။ ။