စစ်ကောင်စီ၏ ဗန်းမော်သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်ပြီး တင့်ကား‌ ၄ စီးပါရရှိ

by

in

စစ်ကောင်စီ၏ ဗန်းမော်သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်ပြီး တင့်ကား‌ ၄ စီးပါရရှိ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သံချပ်ကာ တပ်ရင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
KIA သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၊ ခလရ-၄၇၊ သံချပ်ကာတပ်ရင်းနှင့် ဗန်းမော်တက္ကသိုလ်ဝင်း တို့ကို ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ နာရီခန့်ကစတင်ပြီး ထိုးစစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။
“အခုချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်။ လေကြောင်းကလည်း တောက်လျှောက်လာပစ်နေတယ်။ စကခမှူးလည်း ဒဏ်ရာရပြီး ဗန်းမော်မှာမရှိတော့ဘူးလို့ ပြောတယ်။ စစ်ကောင်စီရဲ့ လေးနေရာ ထက်မနည်းကို တပြိုင်ထဲ ဝင်တိုက်နေတာ” ဟု ကချင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗန်းမော်မြို့ လေယာဉ်ကွင်းအနီးရှိ သံချပ်ကာတပ်ရင်းကို KIA က သိမ်းပိုက်ထားပြီး တင့်ကားလေးစီးကိုပါ သိမ်းဆည်းရရှိကာ တပ်ရင်းအတွင်းမှ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးကိုပါ ဖမ်းဆီးရရှိထားကြောင်း သိရ သည်။
KIA သည် ဗန်းမော်မြို့ရှိ စကခ ၂၁ နှင့် ခလရ ၄၇ တပ်ရင်းတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် တစ်ကျော့ပြန် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းအပြင် ဒရုန်းများဖြင့်ပါ အသုံးပြု၍ အပြင်းအထန်ခုခံနေပြီး စကခ ၂၁ နှင့် ခလရ ၄၇ တို့မှာလည်း မြေပြင်ထောက်ပို့လမ်းကြောင်းများ ပို့ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် လေကြောင်းမှ ‌လက်နက်ခဲယမ်းနှင့် ရိက္ခာပို့နေရကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ကိုလည်း KIA က တိုက်ခိုက်မှု ပြုလုပ်ထားကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-အင်တာနက် (စစ်ကောင်စီတပ်ဖွဲ့ဝင်များ-ပုံဟောင်း)